လုံးတုံစစ်ကော်မရှင် စုပေါင်းဂိတ်အနီး ကားလမ်းဘေးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍သေဆုံး
- Pajau Media

- Sep 30, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

အင်းတော်ကြီးဒေသရှိ လုံးတုံဂိတ်အနီး ကားလမ်းဘေးတွင် အသက်(၄၁)နှစ်အရွယ် ဦးပြည့်ဖြိုးအောင် ဆိုသူက စက်တင်ဘာ(၂၅)ရက်နေ့တွင်
မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူ အမျိုးသမီးထံမှ သိရပါသည်။
သေဆုံးသူအမျိုးသားမှာ ကုန်းမနကျေးရွာတွင် အိမ်ထောင်ကျနေပြီး သူ၏အမျိုးသမီးဖြစ်သူအား ဟိုပင်မြို့သို့ ပို့ဆောင်ပေးပြီးအပြန် လုံးတုံဂိတ်အနီး၊ ရှမ်းအမျိုးသားပြတိုက်အရှေ့ ကားလမ်းဘေးတွင် ဆိုင်ကယ်အား မောင်းနင်ရန် တွန်း၍ကွေ့စဉ် မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူသည် မိုင်းနောင်ရွာတွင် ထွန်းရတနာငွေပန်းတိမ်ဆိုင် ဖွင့် အသက်(၆)နှစ်အရွယ်သမီးနှင့် အသက်(၃)နှစ်အရွယ် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
လုံးတုံဂိတ်အား မော်တော်ယာဉ်များကို ဖြတ်သန်းခွင့်ပိတ်ထားသည်မှာ (၃)လ နီးပါးကြာမြင့်နေပြီ ဖြစ်သည်။
ဂိတ်တဖက်ရှိ ကျေးရွာများမှ လုံးတုံသို့ ကျောင်းတက်လာကြသည့် ကျောင်းသား /သူများအတွက် နံနက် ၈နာရီ မှ ၈နာရီခွဲ ကြားတကြိမ် ၊နေ့လည် ၁၂နာရီမှ ၁နာရီကြားတကြိမ် ၊ ညနေ ၃နာရီခွဲမှ ၄နာရီကြားတကြိမ် ဖြတ်သန်းခွင့်ပြုထားပြီး လုံးတုံဂိတ်တဖက်တစ်ချက်မှ ကျေးရွာများလည်း အလုပ်ကိစ္စရှိလျှင် ထိုအချိန်များတွင် ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။
လက်ရှိအချိန်တွင် KIA စိုးမိုးထားသော အင်းအရှေ့ကမ်းရှိ ဟဲပန်ရွာလမ်းခွဲဖက်သို့ စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ညစဉ်ပစ်ခတ်နေသောကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာအနီးမှ ဒေသခံများမှာ လွဲမွန်ရွာသို့ တိမ်းရှောင်လာကြကြောင်း ထပ်မံသိရသည်။
အင်းတော်ကြီးဒေသတွင် နန့်မွန်း တောင်ထိပ်မှစ၍ နန့်မွန်း ၊မိုင်းနောင် ၊မမုံကိုင် ၊လုံးတုံ အထိစစ်ကော်မရှင်နှင့် SNA မှ ထိန်းချုပ်ထားပြီး ၊အင်းအရှေ့ကမ်းတွင်ရွှေလက်ပံ ၊ လယ်ပုံလေး ၊အပါအဝင် ဆနွင်းကုန်းမှ ဟဲပုအထိ စစ်ကော်မရှင်နှင့် SNA တို့ထိန်းချုပ်ထားကာ၊ အင်းအနောက်ကမ်းတွင် နန့်ပတဲ မှ ချောင်းဝအထိ ၊ အင်းအရှေ့ကမ်းတွင် ဟဲပါးမှ လုံးစန့် ရွာသစ်အထိ အင်းတပတ်လုံးနီးပါး KIA မှ ထိန်းချုပ်ထားပါသည်။
KIA စိုးမိုးနယ်မြေများပြားလာသည်နှင့်အမျှ နယ်မြေစိုးမိုးရေးအတွက် စစ်ကော်မရှင်ဖက်မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း ၊ ဒရုန်းဗုံးသီးချခြင်းများ အဆက်မပြတ်ပြုလုပ်နေသည့်အပြင် စစ်ကော်မရှင်ဂိတ်များတွင် ဖြတ်သန်းသွားလာကြသော ဌာနေပြည်သူများကို တင်းကြပ်စွာစစ်ဆေးခြင်းများ ပြုလုပ်နေပါသည်။
အင်းတော်ကြီးဒေသတွင် ဖုန်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး သတင်းရရှိရန်ခက်ခဲနေရဆဲဖြစ်သည်။
သတင်း - ကချင်ပြည်သား




Comments