top of page

လေယာဉ်လက်မှတ်ဈေး ၉သိန်းနီးပါး မြင့်တက်သောကြောင့် ခရီးသွားပြည်သူများ ခက်ခဲ

  • Writer: Pajau Media
    Pajau Media
  • Sep 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


မြစ်ကြီးနား-ရန်ကုန်၊ မြစ်ကြီးနား-မန္တလေး စသည့် လေကြောင်းခရီးစဉ် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်သွားသဖြင့် ခရီးသွားပြည်သူများအတွက် အခက်အခဲများစွာ ဖြစ်လာသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။


“ပညာရေးနဲ့ ရန်ကုန်သွားရမှာကို အခုလေယာဉ်လက်မှတ်တွေက ဈေးအရမ်းကြီးပြီး ၉သိန်းနီးပါး ရှိနေတယ်လို့ ပြောတော့ ဈေးမတတ်နိုင်လို့ လေယာဉ်လက်မှတ် မဝယ်နိုင်ခဲ့ဘူး။ ဘလောက်ဘဲ အခြေအနေမကောင်းဘူး ပြောပေမယ့် ကားလမ်းနဲ့ပဲ သွားဖို့လုပ်ထားတယ်။ ကားလမ်းက မြစ်ကြီးနား-ရန်ကုန်ကို ၃သိန်းနဲနဲကျော်ရင် ရောက်နိုင်တယ်လို့ ပြောတယ်။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။


စက်တင်ဘာ ၁၁ရက်နေ့‌နောက်ပိုင်း မြစ်ကြီးနား-ရန်ကုန် လေယာဉ်လက်မှတ် နှုန်းထားမှာ တစ်ကြောင်းစာအတွက် လေယာဉ်လိုင်း အမျိုးအစားပေါ်လိုက်ပြီး အမြင့်ဆုံး ၉သိန်းနီးပါးထိ ရောက်ရှိလာပြီး၊ ယခင်က မြစ်ကြီးနား-ရန်ကုန် လေယာဉ်လက်မှတ်နှုန်းမှာ ၆သိန်းကျော်အထိသာ ရှိခဲ့သည်ဟု ဆိုသည်။


ထို့နည်းတူ မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်နှုန်းထားလည်း အနည်းငယ် မြင့်တက်လာပြီး၊ လက်ရှိမှာ ၄သိန်းကျော်မှ ၆သိန်းကျော်အတွင်း လေယာဉ်လိုင်း အမျိုးအစားအလိုက် ရှိနေကြောင်း သိရသည်။


ထို့ကြောင့် အလုပ်ကိစ္စအပြင် ကျန်းမာရေး၊ ပညာရေးများကြောင့် ခရီးသွားရမည့် ပြည်သူများမှာ လေယာဉ်လက်မှတ် မြင့်တက်သဖြင့် အဘက်ဘက်မှ အခက်အခဲများစွာ ကြုံတွေ့လာရပြီး၊ လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးပဍိပက္ခများကြောင့်လည်း ကားလမ်းထက် လေယာဉ်ဖြင့်သာ ပိုမိုလုံခြုံသည်ဟု ပြောသည်။


ထို့အပြင် မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းတစ်လျှောက်တွင်လည်း မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ လမ်းတွင် ကားများရာချီ ပိတ်မိနေသူများလည်း ရှိနေသေးသောကြောင့် ခရီးသွားပြည်သူအများစုမှာ ကားလမ်းထက် လေကြောင်းလိုင်းကိုသာ ရွေးချယ်သွားလာနေရသည်ဟု ဆိုသည်။


ကားလမ်းပိုင်း အခက်အခဲကြောင့် လေကြောင်းခရီးစဉ် အသုံးပြုသူ များလာသဖြင့် လေယာဉ်လက်မှတ် မြင့်တက်လာရခြင်းဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page