လက်တလော အွန်လိုင်းမှ တရုတ်မယားလုပ်ရန်နှင့် စပွန်စာချိတ်ပေးရန် လိုက်လံမြူဆွယ်သူ များလာ
- Pajau Media

- Sep 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
လက်တလောတွင် လူမှုကွန်ယက် စာမျက်နာများမှတစ်ဆင့် အမျိုးသမီးများကို အကောင့်တုများ အသုံးပြုကာ တရုတ်မယားလုပ်ရန်နှင့် စပွန်စာချိတ်ပေးနိုင်ကြောင်း လိုက်လံမြူဆွယ်သူများ မြင့်တွေ့လာရသည်ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အကောင့်တုများဖြင့် လိုက်လံမြူဆွယ်သူများမှာ ကချင်စာဖြင့် တရုတ်သူဌေးများက ကောင်မလေး ရှာခိုင်းကြောင်းနှင့် စပွန်စာချိတ်ပေးနိုင်ကြောင်း ပြောဆိုကာ လိုက်လံမြူဆွယ် နေသည်ဟု ဆိုသည်။
လိုက်လံမြူဆွယ်သူများမှာ အမျိူးသမီးငယ် အချောအလှများနှင့် မြစ်ကြီးနားမြို့မှ မိန်းကလေးများကိုသာ ပစ်မှတ်ထား လိုက်လံပြောဆိုနေသည်ကို တွေ့ရပြီး၊ ယခုလို စီးပွားရေး၊ နိုင်ငံရေး ခက်ခဲကြပ်တည်းသည့် ကာလအတွင်း မိန်းကလေးငယ်များ ငွေ၏သားကောင် ဖြစ်သွားကြမည်ကို စိုးရိမ်ရသည်ဟု အမျိုးသမီးများက ပြောသည်။
ထို့အပြင် မြစ်ကြီးနားမြို့အတွင်းရှိ အမျိုးသမီးများမှာ ခိုးဆိုးလုယက်မှု၊ ဓါးပြတိုက်ခံရမှု စသည့် ဖြစ်စဉ်များကိုလည်း နေ့စဉ်အများဆုံး ကြုံတွေ့နေရပြီး၊ အွန်လိုင်းမှ မြူဆွယ်စည်းရုံးခြင်းနှင့် လိမ်လည်လှည့်ဖျားခံရမှုများကိုလည်း ခံနေကြရသည်ဟု ဆိုသည်။
အထူးသဖြင့် မြူဆွယ်စည်းရုံးသူများမှာ မြန်မာဘာသာစကားအပြင် ကချင်ဘာသာစကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုခေါ်ယူနေသလို၊ အချို့အမျိုးသမီးများ၏ ဓာတ်ပုံ၊ အမည် စသည့် စာမျက်နာများဖြင့်လည်း ငွေချေးယူလိမ်လည်သူများ ရှိလာကြောင်း ထပ်မံသိရသည်။
မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများနှင့် ဓါးပြဖမ်းဆီးရမှုများလည်း ခပ်စိပ်စိပ် ကြားနေရပြီး၊ အများစုမှာ ဆယ်ကျော်သက်လူငယ်၊ ယောက်ျားများသာ ဖြစ်နေကြောင်းလည်း သိရသည်။
သတင်း - ထုဆိုင်










Comments