လန်ဆယ်ကျေးရွာ ထပ်မံဗုံးကျဲခံရသောကြောင့် ပြည်သူ ထိခိုက်သေဆုံး
- Pajau Media

- Oct 11
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာတွင် စစ်ကောင်စီ၏ လေယာဉ်ဗုံး လာရောက်ပစ်ခတ်သောကြောင့် အရပ်သားပြည်သူ(၁)ဦး အသက်သေဆုံးခဲ့ပြီး၊ (၃)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၀ရက် ညနေ ၃နာရီ၂၀မိနစ်ခန့်တွင် မြစ်ကြီးနားမှ တက်လာသည့် Y-12လေယာဉ်က လန်ဆယ်ကျေးရွာတွင် ဗုံး(၄)ကြိမ်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ(၁)ဦး သေဆုံးပြီး၊ (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိခိုက်သေဆုံးသူမှာ ဦးမရန်ဇော်လ အသက်(၄၀)နှစ်အရွယ်ရှိသူ ရှမ်းပြည်နယ်သားဖြစ်ပြီး၊ မံစီဒေသက ဦးမော်မော် အသက်(၄၆)နှစ်အရွယ်ရှိသူ၊ မြစ်ကြီးနားတပ်ကုန်းရပ်ကွက်မှ ဦးထွယ်နန်လီအောင် အသက်(၂၈)နှစ်အရွယ်ရှိသူနှင့် ထော်လောကျေးရွာမှ ဦးလဂရောင်ဒေါင်ဆန် အသက်(၃၃)နှစ်အရွယ်ရှိသူတို့က ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
လက်ရှိ လန်ဆယ်ကျေးရွာအနီးဝန်းကျင်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း အရပ်သားများကို ပစ်မှတ်ထား ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် လန်ဆယ်ကျေးရွာကို လာရောက်ပစ်ခတ်ပြီးနောက် ဝိုင်းမော်-လမြန်ကျေးရွာဘက်ကိုလည်း ပြန်လည်ပစ်ခတ်သွားကြောင်း သိရသည်။
လန်ဆယ်ဝန်းကျင် ပြီးခဲ့သည့် စက်တင်ဘာ၂၂ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ပြည်သူ(၃)ဦး အသက်သေဆုံးကာ (၄)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
သတင်း - ထုဆိုင်း



Comments