top of page

လန်ဆယ်ဒေသ ထိတွေ့တိုက်ပွဲ ၄ရက်ကြာထိ ဆက်လက်ပြင်းထန်နေဆဲ၊ လေယာဉ်ပစ်ခတ်သောကြောင့် လူထိခိုက်သေဆုံးမှုရှိ

  • Writer: Pajau Media
    Pajau Media
  • Sep 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စက်တင်ဘာ ၂၂ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၄ရက်ကြာမြင့်လာသည့် လန်ဆယ်ဒေသ တိုက်ပွဲတွင် ယနေ့ မွန်းလွှဲပိုင်း ၂နာရီခွဲအချိန်ခန့်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ပစ်ချခဲ့သောကြောင့် လူထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသတွင် ယနေ့အထိ KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။


အဆိုပါ ဂျက်လေယာဉ် လာရောက်ပစ်ခတ်မှုကြောင့် လူ၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ အခြားထိခိုက်မှုများမှာ သတင်းအတိအကျ မသိရသေးပါဘူး။


လန်ဆယ်ဒေသတွင် စက်တင်ဘာ ၁၉ရက်နေ့ကတည်းက စစ်တပ်နှင့် ခေါင်လန်ဖူးပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် KIAတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်ပြီး၊ လက်ရှိအချိန်ထိလည်း ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်ကြောင်း သိရသည်။


အလားတူ လန်ဆယ်ဒေသအပြင် ဝိုင်းမော်-လမြန်ဒေသဘက်ကိုလည်း စစ်တပ်က ယနေ့ နံနက်အစောပိုင်းကတည်းက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။


လက်ရှိတွင် စစ်တပ်က ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်ဒေသတို့တွင် စစ်အင်အားဖြည့်တင်းကာ ထိုးစစ်များဖြင့် ဆက်တိုက်တိုက်ခိုက်နေသည့်အပြင် လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့်လည်း နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေရပြီး၊ ထိတွေ့တိုက်ပွဲမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာသည်ဟု ဆိုသည်။


စစ်တပ်နှင့် ရှမ်းနီ(SNA)ပူးပေါင်းတပ်ဖွဲ့များ နေရာယူတပ်စွဲထားသည့် စစ်ကိုင်းဒေသမှ ဗန်းမောက်မြို့ကိုလည်း စက်တင်ဘာ၂၀ရက်နေ့ ညနေ၆နာရီခွဲအချိန်တွင် KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူထားပြီး ဖြစ်သည်။


စစ်တပ်ဘက်က လက်လွတ်ဆုံးရှုံးမှု များလာချိန် KIOဌာနချုပ် လိုင်ဇာမြို့ဒေသအတွင်း စစ်တပ်က စက်တင်ဘာ၂၁ရက်နေ့ တွင် အသေခံဒရုန်းဖြင့် ၂ကြိမ်ထိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ထပ်မံသိရသည်။


လန်ဆယ်ဒေသကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၀ရက်နေ့တွင် KIAပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်ပိုက်ပြီးဖြစ်သည့် ဒေသကို စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page