လန်ဆယ်ဒေသ လေယာဉ်ဗုံးကြဲမှုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး
- Pajau Media

- Sep 23, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသတွင် စစ်ကောင်စီဘက်က လေယာဉ်ဗုံးလာရောက်ပစ်ချခဲ့သောကြောင့် အရပ်သားပြည်သူ(၂)ဦး သေဆုံးကာ၊ ပြည်သူ(၄)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
စက်တင်ဘာ ၂၂ရက် မွန်းလွှဲပိုင်း ၂နာရီ၂၅မိနစ်အချိန်ခန့်တွင် မန္တလေး-တံတားဦးဘက်မှ တက်လာသည့် စစ်တပ်ပိုင် ဂျက်လေယာဉ်(၂)စီးဖြင့် လာရောက်ပစ်ချသွားခဲခြင်းဖြစ်ပြီး၊ လေယာဉ်တစ်စီးမှာ တိုက်ပွဲဖြစ်ပွားနေသည့် လာဟီဆင်ဘက် ဗုံးလာရောက်ပစ်ချခဲ့သလို၊ နောက်ထပ်တစ်စီးမှာ လန်ဆယ်ကျေးရွာဘက်ကို လာရောက်ပစ်ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်သေဆုံးခဲ့ရပြီး၊ အခြားနေအိမ် ထိခိုက်ပျက်စီးမှုများလည်း များစွာရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ လန်ဆယ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် (၆)နာရီသွားရသည့် နေရာတွင်ဖြစ်ပြီး၊ လန်ဆယ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိ စစ်တပ်က ဗုံးလာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ခေါင်လန်ဖူးမြို့နယ်မှ KIAပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် လာဟီဆင်စခန်းဘက်ကို စစ်ကောင်စီတပ်နှင့် ခေါင်လန်ဖူးပြည်သူ့စစ် ပူးပေါင်းတပ်များက ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့ကတည်းက အင်အား(၃၀၀)ဝန်းကျင်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်ဖက်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း










Comments