လမ်းပိတ်ထား သည့်ပူတာအိုရှေ့ခြမ်းက ကျောက်ဂျပိုး ဝယ်ယူသူ မရှိသည့် အတွက် အရှုံးပေါ်သည်ဟုဆို
- Pajau Media

- Nov 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊နိုဝင်ဘာ၊၂၀၂၅။

ပူတာအိုဒေသခံပြည်သူများသည် ဒေသအတွင်း ရာသီအလိုက် ထွက်ရှိသည့် သဘာဝ အပေါ် မှီခိုကာရှာဖွေစားသောက်ကြတာဖြစ်ပြီးယခုရာသီအချိန်တွင် ကျောက်ဂျပိုးရောင်းဝယ်ချိန်ဖြစ်သော်လည်းလမ်းများ ပိတ်ထားဆဲဖြစ်သည့် ပူတာအိုအရှေ့ခြမ်းက ကျောက်ဂျပိုး ဝယ်သူမရှိ အရှုံးပေါ်သည့်အခြေအနေနှင့်ရင်ဆိုင်နေရတယ်လို့ ဒေသခံများက ပြောသည်။
ပူတာအိုဒေသတွင် ဆောင်းအဝင် အောက်တိုဘာလ ဆန်းပိုင်းမှစပြီး ဒေသခံပြည်သူများဟာ အသက်မွေးဝမ်းကျောင်းအတွက် သာမက စီးပွားအဖြစ် မြစ်ချောင်းတစ်လျှာက်နှင့် တောတောင်တွေဖက်မှာ စားနပ်ရိက္ခာများယူဆောင်ကာ ကျောက်ဂျပိုးကောင်များကို ဖမ်းယူကာ ရောင်းဝယ်မှုများလုပ်ကြတာဖြစ်ပါတယ်။
သို့သော် ဒီနှစ်အတွင်း ပူတာအို အရှေ့ခြမ်းမှာနေထိုင်သည့် ဒေသခံများသည် ကျောက်ဂျပိုး ကို ခက်ခဲစွာ သွားရောက်ရှာဖွေရရှိထားသော်လည်း လမ်းများပိတ်ထားသည့်အတွက် ရောင်းချမည့် နေရာမရှိ၊ ဝယ်ယူ သူမရှိသည့်အတွက် အရှုံးပေါ်သည့် အခြေအနေ နှင့်ရင်ဆိုင်နေရတယ် လို့ ဒေသခံတစ်ဦးကပြောသည်။
"ဒီနှစ်ကတော့ ပူတာအိုရှေ့ခြမ်းဖက်မှာ လမ်းပိတ်ထားတော့ ဘယ်မှသွားလို့မရဘူး၊ ရှေ့ခြမ်းဖက်က ကျောက်ဂျပိုးတော်တော်ရကြတယ် ဒါပေမဲ့ ထန်ဂါးကနေကျော်လို့မရ ပိတ်ထားတော့ ဝယ်ယူသူလည်းမရှိ၊ ပူတာအို မြို့ဖက်လည်းသွားလို့က မရနဲ့ အရှုံးပေါ်တာပေါ့၊ကျောက်ဂျပိုးစျေးကောင်းရတာ နှစ်တွေမကြာသေးဘူး၊ သူ့ရာသီနဲ့သူဆိုတော့ သိုလှောင်ထားလို့ကမရ၊ ဒီနှစ်က ပူတာအိုရှေ့ခြမ်းဘက်က အရမ်းခက်ပြီ" ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ပူတာအိုမြို့တွင် အရင်နှစ်များမှာ ကျောက်ဂျပိုးတစ်ပိဿာကို ၁၀သိန်းဝန်းကျင်ထိစျေးကောင်းရသည့်အတွက် ဒေသခံများသည် သူ့ရာသီအလိုက် ကျောက်ဂျပိုးရှာဖွေခြင်းကို စီးပွားအဖြစ် သွင်ကျယစွာ လုပ်ကိုင်လာကြတာဖြစ်ပါတယ်။
ယခုနှစ်များတွင် ပူတာအိုမြို့ အနီးတစ်ဝိုက် မြစ်ချောင်းတစ်လျှောက် နှစ်တိုင်းပုံမှန်ဖမ်းနေတဲ့နေရာတွေမှာ ဒီနှစ်သွားဖမ်းတော့ အရင်နှစ်တွေလို မရတော့ဘဲ လာသည့်အတိုင်း ပြန်လာရတဲ့ သူတွေလည်း များတယ်၊ ဒီနှစ်က ရိက္ခာဖိုးတောင် မကာမိဘူးလို့ ကျောက်ဂျပိုး သွားဖမ်းသည့် ဒေသခံတစ်ဦးကလည်း အခုလို ပြောပါ တယ်။
"ပူတာအိုအနီးပတ်ဝန်းကျင်မှာ အရင်လိုကျောက်ဂျပိုးတွေမထွက်တော့ဘူး။ စျေးကလည်းရ၊ သူရာသီလည်းဟုတ်တော့ သွားရှာကြတယ် ဒီနှစ်က မထွက်တာလား၊ အချိန်ပဲစောင့်ရမှာလား မသိတော့ဘူး၊ ကျောက်ဂျပိုးရှာလည်းအလုပ်မဖြစ်တော့ လာတဲ့အတိုင်းပဲ ပြန်လာခဲ့ရတယ် " လို့ ကျောက်ဂျပိုးရှာဖွေသူက ပြောသည်။
ကျောက်ဂျပိုးထွက်ချိန် ပူတာအိုဒေသမှာ ဓလေ့တစ်ခုလိုဖမ်းကြတာ ဖြစ်ပြီး၊ အများအားဖြင့် ကျောက်ဂျပိုးတွေကို ခါးလန်၊ ဇီရာဒမ်ရွာ၊ ဖုန်ကန်၊ မဒွယ်တောင် သွားတဲ့လမ်းနှင့် နောင်မွန်၊ခေါင်လန်ဖူးဘက်မှာတော့ မေခမြစ်ကြောင်းတစ်လျှောက် ကျောက်ဂျပိုးအုပ်လိုက် ဆင်းလာတာကို ပိုက်ကွန်တွေနဲ့ စောင့်ဆိုင်းဖမ်းကြသလို ကျောက်ခဲတွေ လှန်ပြီး ရှာဖွေလေ့ရှိကြောင်းသိရသည်။
အရင်နှစ်တွေမှာတော့ မူလာရှီးဒီတံတားတွေ၊ချောင်းတွေနားမှာစောင့်ပြီးဖမ်းလို့ရပေမဲ့ ယခု နောက်ပိုင်းမှာ မရတော့ဘူး၊ တောထဲတော်တော်သွားမှသွားဖမ်းကြရတော့ စျေးကောင်းရနေပေမဲ့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် အတွက် ရောင်းဝယ်ရေး ခက်နေတာပါ။
ကျောက်ဂျပိုးသည် ဆူးရှတဲ့အနံ့ရှိပြီးဒေသခံပြည်သူတွေကတော့ ငရုပ်သီးနဲ့ထောင်းစားကြသလိုဟင်းရည်တွေမှာလည်းထည့်စားတတ်ကြကာ ဒေသအစားအစာတစ်မျိုး အဖြစ်လည်း နာမည်ကြီးသလို ကျောက်ဂျပိုးကို လီဆူလောပန်း၊ တရုတ်လောပန်းတွေ လိုက်ဝယ်နေတာဖြစ်ကြောင်းလည်းသိရသည်။
တရုတ်တွေကတော့ ကျောက်ဂျပိုးကို ဟင်းခတ် အမွှင်းအကြိုင်အဖြစ် သုံးကြသလို ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုကြောင်းသိရပါသည်။
ခုလိုစီးပွားရေးတစ်ခုလို နှစ်တိုင်းလိုက်ဖမ်းလာခဲ့ကြတာကြောင့် ဒီနှစ်မှာတော့အခုလိုကျောက်ဂျပိုးကောင်တွေမထွက်တော့ဘဲ ရှားပါးလာသလို၊ ကျောက်ဂျပိုးထွက်တဲ့ ပူတာအို ရှေ့ခြမ်းဖက်က ဒေသခံတွေကြတော့လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဝယ်ယူသူ မရှိသည့်အတွက် ရှုံးပေါ်နေကြောင်းလည်းသိရသည်။
သတင်း - ပီးလာမ့်အူ



Comments