ဝိုင်းမော်စစ်မျက်နှာဘက် လက်နက်ကြီးပစ်ခတ်ပြီး၊ ပြည်သူ့နေအိမ်များပျက်စီးခဲ့ရ
- Pajau Media

- Dec 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။
ကချင်ပြည်နယ်၊ ဝိုင်းမော်စစ်မျက်နှာဘက်တွင် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးပစ်ခတ်ခြင်းများ နေ့စဉ်လုပ်ဆောင်နေကြောင်း သိရသည်။
ဝိုင်းမော်ဒေသသည် ထိတွေ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်ပြည်သူ အများအပြား နေထိုင်ကြသည့်ဒေသလည်း ဖြစ်သလို ယခုကဲ့သို့ စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် စစ်ရှောင်များမှာ စစ်ရေးပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၁၅ရက်နေ့ နံနက်ပိုင်းတွင်လည်း မပခမှ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထိ ဝိုင်းမော်-နောင်စီပေါဘက် ပစ်ခတ်ခဲ့ရာ ဘုရားကျောင်းဆောင်နှင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်သူတစ်ဦးက ပြောပြသည်။
တစ်နိုင်ငံလုံး ရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်နေချိန်ဖြစ်သော်လည်း ကချင်ပြည်နယ်တွင် စစ်ရေးမှာ ငြိမ်သက်ခြင်းမရှိသည့်အပြင် ဒီဇင်ဘာ ၈ရက်မှ ၁၄ရက် တစ်ပတ်တာအတွင်း ထိတွေ့တိုက်ပွဲ ၄၈ကြိမ်ထိ ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၁ရက်နေ့မှ ၇ရက်အတွင်းလည်း ထိတွေ့တိုက်ပွဲ ၁၅ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ရွေးကောက်ပွဲနီးလေ စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လျက်ရှိနေပြီး၊ KIAပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
KIAအမှတ်(၂)တပ်မဟာဒေသတွင်လည်း လက်ရှိ စစ်ကောင်စီနှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာကာ အပြန်အလှန် စစ်ရေးတင်းမာနေကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments