top of page

ဝိုင်းမော်-ဗန်းမော်ဒေသ ထိတွေ့တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊စက်တင်ဘာ၊၂၀၂၅။


ဝိုင်းမော်-လမြန်ဒေသနှင့် ဗန်းမော်ဒေသတို့တွင် KIAပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။


စက်တင်ဘာ၂၆ရက်နေ့တွင် လမြန်ဒေသဘက် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် KIAတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


တိုက်ပွဲပြင်းထန်နေသည့် လမြန်ဒေသဘက် စစ်အင်အားဖြည့်တင်းရန် ချီတက်လာသည့် တနိုင်း-ခမရ (၃၁၈)စစ်ကြောင်းမှ အရာရှိတစ်ဦးလည်း ယမန်နေ့ လမြန်ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။


အလားတူ ဗန်းမော်ဒေသဘက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် စက်တင်ဘာ၂၆ရက်နေ့က ဗန်းမော်လေယာဉ်ကွင်းနှင့် မနောကွင်းအနီးဝန်းကျင်များတွင် ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြခြင်း ဖြစ်သည်။


စစ်ကောင်စီတပ်ဖွဲ့များက မြေပြင်စစ်ကြောင်းထိုးသည့်အပြင် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်ကူခဲ့ခြင်းကြောင့် တိုက်ပွဲမှာ နေ့စဉ်ပိုမိုကြီးထွားလာသည်ဟု ဆိုသည်။


ထို့အပြင် ဖားကန့်ဒေသတွင်လည်း စစ်ကောင်စီနှင့် KIAက နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြပြီး၊ ဖားကန့်ဗျူဟာကုန်းမှ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူအများစု ထိခိုက်သေဆုံးသူ များလာသည့်အပြင် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများလည်း နေ့တိုင်းရှိနေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page