top of page

ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအတွင်း စစ်ရှောင်လာသူ ၅၀၀ကျော်အတွက် အကူအညီလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် လူဦးရေ ၅၀၀ကျော်အထိ ရှိလာပြီး၊ အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


လက်ရှိတွင် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ဆေးဝါးများ၊ စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းအတွက် အသုံးအဆောင်ပစ္စည်းများစွာလည်း လိုအပ်နေသည်ဟု ပြောသည်။


နောင်ချိန်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် မတ်လ ၁၀ရက်ကျော်ကတည်းက စစ်ဘေးရှောင်များ တစ်စတစ်စ ရောက်ရှိလာပြီး၊ လက်ရှိတွင် နောင်ချိန်းကချင်နှစ်ခြင်းအသင်းတော်အတွင်း ရောက်ရှိနေသူ စစ်ရှောင်စာရင်းမှာ ၅၀၀ကျော်အထိ ရှိနေကြောင်း သိရသည်။


ယင်းစစ်ရှောင်များမှာ မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းတစ်ကြောရှိ ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂) နှင့် ရွှေညောင်ပင်ကျေးရွာမှ စစ်ရှောင်လာသူ ဒေသခံများ ဖြစ်သည်ဟု ဆိုသည်။


ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် မြစ်ကြီးနား-ဗန်းမော်သွားကားလမ်းတစ်ကြောရှိ ဒေသခံများသည် ဝိုင်းမော်မြို့မိုင်းနားစစ်ရှောင်စခန်းတွင် တစ်ထောင်နီးပါး၊ စန်းကားအသင်းတော်စစ်ရှောင်စခန်းတွင် (၆၀၀)ကျော်၊ နောင်ဟီးစစ်ရှောင်စခန်းတွင် (၇၀၀)ကျော်နှင့် နောင်ချိန်းကျေးရွာတွင် (၅၀၀)ကျော်အထိ စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။


ယခုနှစ်အတွင်း နှစ်ဖက်စစ်တပ်များ၏ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မံစီ၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ စသည့် မြို့နယ်များမှ ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု RFA သတင်းဖော်ပြချက်အရ သိရသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page