top of page

ဝိုင်းမော်မြို့အတွင်း ဝန်ဇွပ်ကျေးရွာသစ် စတင် တည်ဆောက်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ



ree

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အတွင်းရှိ ဝိုင်းမော်-ဝါးရှောင်ကားလမ်းမကြီး၏ မြောက်ဘက်ရှိ ဒဂေါဘုတ် (Dagaw Buk) ကန့်သတ်နယ်မြေအတွင်း၌ ဝန်ဇွပ်ဟူသည့် ကျေးရွာသစ် စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း ကော်မတီဝင်များထံမှ သိရသည်။


“ဝိုင်းမော် နာဇရက်နှစ်ခြင်းအသင်းတော်မှ နန်ဇော်ယန်၊ အင်လုန်ယန်နှင့် ကဆယ်ယန်ရွာတွေက စစ်ရှောင်ပြည်သူတွေက စစ်ရှောင်စခန်းမှာလည်း မနေချင်တော့ဘူး၊ ကိုယ့်ကျေးရွာဆီကိုလည်း ပြန်လို့မရတဲ့ အခါကျတော့ ကိုယ့်အသင်းတော်ဆီကို နေဖို့ နေရာရှာပေးဖို့ တောင်းဆိုလာကြတယ်။ အသင်းတော်ဘက်က လူကြီးတွေ ဦးဆောင်ပြီး အခုလို ရွာသစ်တည်ဆောက်ဖို့ သက်ဆိုင်တဲ့ အစိုးရလူကြီးတွေဆီကို တောင်းဆိုထားတယ်။ အစိုးရလူကြီးတွေကလည်း ဒဂေါဘုတ် ကန့်သတ်နယ်မြေဖြစ်တဲ့ ဧက ၃၅၀ကို ရွာသစ်တည်ဆောက်ဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်” ဟု ရွာသစ်တည်ဆောက်ရေး ကော်မတီ ဦးခေါင်လွမ်းက ပြောသည်။


ကျေးရွာသစ် တည်ဆောက်ရေး ကော်မတီ ပြောကြားချက်အရ လက်ရှိတည်ဆောက်ရေး စတင်နေပြီဖြစ်သော ဝန်ဇွပ်ကျေးရွာသစ် နယ်မြေသည် နန်ဇော်ယန်, အင်လုန်ယန်နှင့် ကဆယ်ယန် ကျေးရွာမှ စစ်ရှောင်ပြည်သူများအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။



“ရွာသစ်မှာ ရွေ့ပြောင်းနေထိုင်ချင်တဲ့ အိမ်ထောင်စုတွေက ဆယ်သိန်းကျပ်ကို စုပေးပြီး ကိုယ်ယူမယ့် မြေကွက်ကိုတော့ မဲနှိုက်ပြီး မျှမျှတတနဲ့ ခွဲဝေပေးပါတယ်” ဟု စစ်ရှောင်အမျိုးသမီးကြီး တစ်ဦးက ပြောသည်။


ယင်းကျေးရွာသစ် နေရာတွင် ရွေ့ပြောင်းနေထိုင်မည့် စစ်ရှောင်များမှာ ဧက ၇၀́ˣ၈၀́ ပေ ပတ်လည် ဝန်းကျင်ရှိသည့် တစ်ကွက်လျှင် ကျပ်ဆယ်သိန်းနှင့် ဝယ်ယူပြီး စစ်ရှောင် အိမ်ခြေစုစုပေါင်း (၁၃၀) အိမ်ခြေအထိ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ယင်းဧကများမှာ အစိုးရထံမှ တစ်ဧကလျှင် ကျပ်၂၅သိန်းနှင့် ဝယ်ယူထားရပြီး စုစုပေါင်း ၃၅၀ဧက အထိ ရှိကြောင်း သိရသည်။


ဝန်ဇွပ်ကျေးရွာသစ် တည်ဆောက်ရန် ဖွင့်ပွဲအား လာမည့် ၂၇ရက်နေ့၌ အသင်းတော်မှ ခေါင်းဆောင်လူကြီးများ၊ စစ်ရှောင်ပြည်သူ များနှင့်အတူ ပြည်နယ်ဝန်ကြီးများနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် မှလည်း လာရောက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကျေးရွာသစ် တည်ဆောက်ရေး ကော်မတီများအဖွဲ့မှ သိရှိရသည်။


သတင်း - လေပြေ



Comments


Pajau Media

Thanks for subscribing!

bottom of page