ဝိုင်းမော်-လမြန်ကျေးရွာဘက် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေ
- Pajau Media

- Oct 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီက ဝိုင်းမော်-လမြန်ဒေသဘက်ကို မြစ်ကြီးနားဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းပစ်ခတ်ခြင်းများ ပြုလုပ်ပြီး၊ မြေပြင်စစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသောကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားကာ ပြင်းထန်နေကြောင်း သိရသည်။
ဝိုင်းမော်-လမြန်ဒေသ ထိတွေ့တိုက်ပွဲမှာ ရပ်လိုက်ပစ်ခတ်လိုက်ဖြင့် ဖြစ်ပွားနေသည့် အခြေအနေဖြစ်ပြီး ယမန်နေ့အထိ တိုက်ပွဲမှာ ပြင်းထန်နေခဲ့သလို အောက်တိုလဆန်းကတည်းက နေ့စဉ်နီးပါး သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အရင်က လက်နက်ကြီးသံကလွဲပြီး သေနတ်ပစ်ခတ်သံတွေ မကြားရဘူး။ အောက်တိုဘာ ၃ရက်နေ့ ၇နာရီကတည်းက လက်နက်ကြီးပစ်ခတ်ပြီးနောက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး၊ မိုင်းနားအနီးဝန်းကျင်အထိ ကြားရပြီး၊ နောင်ဟီး၊ စန်းကားရွာဘက် ဖြစ်ဖို့များတယ်။ တိုက်ပွဲက နေ့တိုင်းပဲ၊ သတင်းတွေက ရွေးကေက်ပွဲမတိုင်ခင် ဝိုင်းမော် ၅၈တပ်ကို ပြန်ထိုးစစ်ဆင်မယ်လို့လည်း ကြားနေရတယ်။” ဟု ပြောသည်။
ဝိုင်းမော်-လမြန်ဒေသကို ပြီးခဲ့သည့် ဩဂုတ်လကတည်းက စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းနှင့် ကန်ပိုင်တည်၊ ပန်ဝါဒေသကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၉ရက်နေ့မှ အောက်တိုဘာ ၅ရက်နေ့အတွင်း ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတို့တွင် ထိတွေ့တိုက်ပွဲပေါင်း (၅)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း KIAသတင်းဌာနက ဖော်ပြထားသည်။
အလားတူ ဗန်းမော်ဒေသဘက်ကိုလည်း မြေပြင်စစ်ကြောင်းအပြင် လေကြောင်း၊ ဒရုန်းဗုံးများနှင့် လက်နက်ကြီးများဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေသည့်အပြင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
သတင်း - ပီလမ့်အူ




Comments