ဝိုင်းမော်-လမြန်ဘက် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်
- Pajau Media

- Aug 27, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ သြဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် လမြန်ကျေးရွာဘက်တွင် စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လမြန်ကျေးရွာဘက်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်ကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့ပြီး နေ့လယ် ၁နာရီခန့်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း လမြန်ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီသည် ဝိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းနှင့် မပခ နေရာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များမှာ လမြန်ကျေးရွာဘက် လက်နက်ကြီးများနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်၂၄ရက်ညတွင်လည်း မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှပစ်လိုက်သော လက်နက်ကြီးကြောင့် ရမ်ပူရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။
လက်ရှိ စစ်ကောင်စီတပ်များမှာ ဗန်းမော်ဒေသနှင့် ဖားကန့်ဒေသတို့တွင် စစ်အင်အားဖြည် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အပြင် တန်ဖရဲဘက်နှင့် ဝိုင်းမော် လမြန်ဘက်တွင်လည်း စစ်ကြောင်းထိုးလာနေကြောင်း သိရသည်။
သတင်း-ဖရိန်း










Comments