ဝေလောရွှေမှော်များတွင် ပြည်သူ့စစ်က လုပ်ငန်းလည်ပတ်နိုင်ရန် ငွေပေးဆောင်ပြီးမှသာ လုပ်ကိုင်နိုင်ကြောင်းပြော
- Pajau Media

- Jan 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၆။

စစ်ကောင်စီနှင့် ဝါရာဇွပ် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ လက်ရှိ တနိုင်း-ရွှေမှော်နေရာများတွင် နေရာယူလှုပ်ရှားနေကြပြီး၊ စစ်ကြောင်းထိုးနေသလို ရွှေလုပ်ကိုင်သူများမှာ ငွေကြေးပေးကာ လုပ်ကိုင်နေကြကြောင်း သိရသည်။
“ရှဒူးဇွပ် မင်းဇေသန့်ပြည်သူ့စစ်တွေက ဝေလောရွှေမှော်တွေမှာ ရွှေလုပ်ကိုင်သူတွေကို ရွှေလုပ်မယ်ဆိုရင် ငွေသိန်း(၆၀)အရင်ပေးသွင်းပြီးမှ အလုပ်လုပ်ခိုင်းမယ်လို့ ပြောထားတာရှိတယ်။” ဟု ဝေလောရွှေမှော်မှ လုပ်သားတစ်ဦးက ပြောသည်။
တနိုင်း-ရွှေမှော်တွင်း စစ်ရေးမှာ တင်းမာလာသောကြောင့် လက်ရှိ အချို့ရွှေမှော်များတွင် ရွှေလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး၊ မင်းဇေသန့်တပ်ဖွဲ့မှ ကျန်ရှိနေသေးသည့် အချို့လုပ်ငန်းရှင်များအား တောင်းသည့်ငွေပမာဏပေးသွင်းမှသာ လုပ်ကိုင်ခွင့်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကျော်ကတည်းက စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ နေရာယူလာသည့်အပြင် လေယာဉ်ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်ရှိ ရွှေမှော်တွင်း လုပ်သားနှင့် လုပ်ငန်းရှင်အများစုမှာ လုပ်ငန်းရပ်ဆိုင်းသွားကြရသည်။
ဇန္နဝါရီ ၁၀ ရက်နေ့တွင်လည်း ဝေလောဘက် စစ်တပ်မှ စစ်ကြောင်းထိုးကာ အင်အားဖြည့်တင်းလာခဲ့သောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
လက်ရှိ ပယင်းမှော်နှင့် ဝေလောရွှေမှော်များတွင် လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး၊ အခြားရွှေမှော်များမှာ စက်အသေးစားများဖြင့် အနည်းငယ် လုပ်ကိုင်နေကြသေးသည်ဟု လုပ်သားများထံမှ သိရသည်။
သတင်း - ပီလမ့်အူ




Comments