top of page

သီတာရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Sep 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်တွင် ယမန်နေ့ ညနေ (၄)နာရီ‌ကျော်ခန့်က ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူထံမှ သိရသည်။


"နေရာက သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားကျောင်းရဲ့ဘေးက လမ်းကြားမှာဟုတ်တယ်။ လည်ဂုတ်နားမှာ ဓားတစ်ချောင်းစိုက်ပြီးသေနေတာ၊ လမ်းအလယ်မှာပဲသေနေတာ။ ပြီးတော့ အဲ့နေရာက လူအရမ်းပြတ်တဲ့နေရာလို့လည်းမထင်ဘူး။ လမ်းမနဲ့လည်း နီးနီးလေးပဲ။ ဖြစ်တာက (၄) နာရီ‌ကျော် (၅) နာရီထိုးခါနီးလောက်မှာ ဖြစ်တာ။"ဟု သူက ပြောပြသည်။


အင်ဂျန်း‌ခချောင်းတံတားအကျော် ဆုတောင်းပြည့် ဘုရားကျောင်း‌ဘေး လမ်းကြားတွင်ဖြစ်ပြီး သေဆုံးသူမှာ အသက် (၂၀) ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦးဖြစ်ကာ သေဆုံးချိန်တွင် လက်မှာ လက်စွပ်လည်း စွပ်ထားပြီး ပစ္စည်းလုရင်းဓားထိုးမှု ဖြစ်နိုင်သည်ဟု ထင်မြင်ပြောဆိုထားသည်။


သတ်ဖြတ်သူမှာ မည်သူဖြစ်ကြောင်းနှင့် ယခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိကာ ညနေ (၅)နာရီ‌ဝန်းကျင် ဧရာဝတီကရုဏာ လူမှုကူညီရေးအသင်းမှ အလောင်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လူသတ်မှုနှင့် ဓားထိုးမှုများ ခပ်စိတ်စိတ်ဖြစ်လာပြီး ညအမှောင်တွင်သာမက နေ့ခင်းတွေထိ ဓားပြတိုက် လုယှက်မှုများထိ ရှိခဲ့သည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့ ဝိုင်းမော်တွင်လည်း ဓားအချက်ပေါင်းများစွာဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး ရှိခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page