သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရ ၊လက်နက်ကြီးကြောင့် ပြည်သူ(၄)ဦး ထိခိုက်ဒါဏ်ရာရရှိ
- Pajau Media

- Oct 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
သီတင်းကျွတ်လပြည့်နေ့တွင် ဖားကန့် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာဘက်ခြမ်းမှ နမ္မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်အုပ်စု နှင့် တော်လှန်ရေးအင်အားစု(KIA/KPDF )တို့တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကော်မရှင်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်စဉ် မလန်းကျေးရွာ ခိုင်လုံကုန်းသို့ လက်နက်ကြီးကျည် ကျရောက်ပြီး အရပ်သားပြည်သူ (၂)ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပါသည်။
ထို့အပြင် မရှီကထောင်ရပ်ကွက် အောင်ရတနာမုန့်ဆိုင်အနီးသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ပြည်သူ(၂)ဦးထပ်မံ ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။
ဖားကန့်တွင် တစ်ပါတ်ခန့် ငြိမ်နေခဲ့ရာမှ သီတင်းကျွတ်လပြည့် မနက်ပိုင်းမှစပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အင်အား(၁၀၀)ဝန်းကျင်ခန့်ရှိသည့် စစ်ကော်မရှင်အုပ်စုသည် ငြိမ်းချမ်းသာယာကျေးရွာနှင့် မလန်းကျေးရွာအစပ်မှ စံတော်ဝင်ကုမ္ပဏီဝင်းထဲ တပ်စွဲပြီး မလန်းကျေးရွာအပိုင်း ခိုင်လုံကုန်းဘက်မှ ကျောက်စိမ်းတောင်ဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
လက်ရှိအချိန်တွင် မလန်းကျေးရွာ ခိုင်လုံကုန်းနှင့် ကျောက်စိမ်းတောင်မှ ပြည်သူများသည် ငြိမ်းချမ်းသာယာကျေးရွာနှင့် လုံးခင်းကျေးရွာဘက်သို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား










Comments