top of page

အင်းတော်ကြီးဒေသတွင် တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ရသည့်အပြင် မသန်စွမ်းအမျိုးသမီးထိ တပ်သားစုဆောင်းခံရ

  • Writer: Pajau Media
    Pajau Media
  • Sep 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတွင် တစ်အိမ်တစ်ယောက် စစ်သင်တန်းမတက်မနေရ အမိန့်ထုတ်ပြန်ပြီး၊ အိမ်အထိ လိုက်လံခေါ်ဆောင်နေသည့်အပြင် မသန်စွမ်းအမျိုးသမီးများမချန် တက်ခိုင်းနေကြောင်း ဒေသခံများမှ ပြောကြားလာသည်။


"နန့်မွန်းမြို့၊ ရွှေလက်ပံရွာ၊ လယ်ပုံလေးရွာတွေကို ရှမ်းနီအမျိုးသားလွတ်လပ်ရေးတပ်မ‌တော် (SNA) ကထိန်းချုပ်ထားပြီး တစ်အိမ်တယောက် မတက်မနေရ စစ်သင်တန်းတက်ဖို့ အိမ်အထိလိုက်ခေါ်နေတာ၊ တစ်ချို့အိမ်တွေဆိုရင် တစ်အိမ်တယောက်တောင်မကဘူး။ တစ်အိမ်လုံးတက်ရတာ၊ ခြေထောက်မသန်တဲ့ ကောင်မလေးကိုတောင် အတင်းစစ်သင်တန်းတက်ခိုင်းလို့ တက်နေရတယ်၊" ဟု အသက် ၄၀နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။


ဒေသခံများ ပြောပြချက်အရ SNAက သင်တန်းဆင်းပြီးပါက ရှေ့တန်းသို့မလွတ်ဘဲ မိမိနေအိမ်တွင်ပင် ဆက်လက်နေထိုင် ခွင့်ပြုမည်ဖြစ်ကြောင်း မဲဆွယ်နေပြီး၊ စစ်မှုထမ်းတိမ်းရှောင် ပြည်သူများအား မိမိနေအိမ်သို့ ပြန်လာရန်အတွက် မိဘများမှတစ်ဆင့် ဆင့်ခေါ်နေကြောင်း သိရသည်။


အင်းတော်ကြီးဒေသမှ ရွှေထွက်ရှိရာ မိုင်းနောင်နှင့် မမုံရွာကို ပြီးခဲ့သည့် ဇူလိုင်လ၁၆ရက်နေ့တွင် SNAတပ်ဖွဲ့မှ ထိန်းချုပ်ပြီး တစ်လအကြာတွင် KIAနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ SNAစစ်သားများ အသေအပျောက် များခဲ့သောကြောင့် ယခုကဲ့သို့ မသန်စွမ်းအမျိုးသမီးများထိ တပ်သားစုဆောင်းလာြခင်းအား တိုး၍ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများမှ သုံးသပ်ပြောဆိုကြသည်။


အသက်(၁၈)နှစ်မှ အသက်(၅၉)နှစ်ကြားရှိ ပြည်သူများကို လုပ်ငန်းခွင်၊ လမ်းမပေါ်နှင့် နေအိမ်ပေါ်အထိ ဖမ်းဆီး၍ အဓမ္မစစ်သား စုဆောင်းခြင်းမျိုး လုပ်ဆောင်နေသည်ဟု ဆိုသည်။


ထို့အပြင် စစ်သင်တန်း အပတ်စဉ် (၁)နှင့်(၂ )တွင် သင်တန်းသားဦးရေ (၂၀၀)နှင့် (၃၀၀)အကြားသာ ရှိသော်လည်း ယခုအပတ်စဉ်(၃)မှာ သင်တန်းသားဦးရေ (၈၀၀)ကျော်အထိ ရှိနေကြောင်း သိရပြီး၊ များပြားသော သင်တန်းသားများအတွက် အမျိုးသမီးများလည်း တစ်အိမ်တစ်ယောက် ထမင်းချက်ရန် နန့်မွန်းအောင်မြေဂိတ်သို့ အလှည့်ကျသွားရောက် ချက်ပြုတ်ပေးရကြောင်း ထပ်မံသိရသည်။


နန့်မွန်းအောင်မြေရှိ နှစ်ခြင်းဘုရားကျောင်းဝင်းထဲတွင် (SNA)တပ်မှ တပ်စွဲနေရာယူကာ စစ်သင်တန်းပေးနေခြင်းဖြစ်ရာ၊ အင်းတော်ကြီးဒေသအဝင် အဓိကဝင်ပေါက်ဖြစ်သော နန့်မွန်းမြို့ကို SNAနှင့် စစ်ကော်မရှင်မှ လမ်းပိတ်ထားသည်မှာ သုံးလနီးပါးကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page