top of page

အင်ဒွပ်ယာန်စစ်ရှောင်စခန်းတွင် ငှက်ဖျားနှင့်သွေးလွန်တုတ်ကွေးဖျားနာသူ အလွန်များလာပြီး၊ အသက်သေဆုံးသူတစ်ဦးရှိလာ

  • Writer: Pajau Media
    Pajau Media
  • Jul 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



ree

ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ အင်ဒွပ်ယာန်စစ်ရှောင်စခန်းတွင် ယခုရက်ပိုင်းအတွင်း ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေး ဖျားနာသူ အလွန်များပြားလာခဲ့ပြီး၊ ယနေ့ဇူလိုင်လ ၁၆ရက်နေ့တွင် လူငယ်တစ်ဦး သွေးလွန်တုတ်ကွေးကြောင့် အသက်သေဆုံးခဲ့ရသည်ဟု စစ်ရှောင်များ ပြောကြားလာသည်။


“အခုဒီတစ်ပတ်အတွင်းမှာပဲ စခန်းအတွင်း ဖျားနာသူတွေ အရမ်းများလာတယ်။ ခုနကလည်း သွေးလွန်တုတ်ကွေးဖျားတာ ၃ရက်လောက်ရှိပြီဖြစ်တဲ့ အသက်၂၅နှစ်အရွယ် ဆရာမတစ်ယောက် သွေးလွန်တုတ်ကွေးပြင်းလို့ နှာခေါင်းသွေးလျှံပြီး ဆုံးသွားတယ်။ ဆေးဝါးက မစုံ၊ ဖျားနာသူတွေက များလာပြီး အရမ်းခက်ခဲနေတယ်။ဆေးပေးခန်းမှာ ဆေးစစ်ပေးပေမယ့် ဆေးဝါးမစုံတော့ အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သင်္ဘောရွက်တွေထောင်းပြီး ရေညစ်သောက်ကြတယ်။ အဲ့လိုနဲ့ပဲ ကုသနေကြတာ၊ တစ်ချို့က သက်သာလာပြီဆို တစ်ချို့က ပြန်ဖျားလာပြီ၊ ဒီလိုပဲ ဖျားနာသူတွေ အရမ်းများလာတယ်။” ဟု အင်ဒွပ်ယာန်စစ်ရှောင်တစ်ဦးမှ ပြောသည်။


ယင်းဒေသတွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလရောက်ရှိချိန် ရာသီပေါ်ရောဂါ ဖျားနာသူများ အလွန်များပြားသည့်အပြင် လမ်းပိုင်းဆက်သွယ်ရေး ခက်ခဲသောကြောင့် တာဝန်ရှိသူများမှလည်း ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများ ထိရောက်စွာမပံ့ပိုးနိုင်လို့ နှစ်စဉ်နှစ်တိုင်း ငှက်ဖျားနှင့် သွေလွန်တုတ်ကွေး အဖြစ်များပြီး အသက်သေဆုံးသူများလည်း ရှိသည်ဟု ပြောသည်။


“နှစ်တိုင်း အခုလို မိုးရာသီကာလ ဇွန်လ၊ ဇူလိုင်လနဲ့ အောက်ဂုတ်လရောက်ပြီဆိုရင် ခြင်တွေအရမ်းများတယ်ဆိုတော့ စခန်းအတွင်း ခြင်ဆေးဖြန်းပေးဖို့ တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တင်ပြဖူးပေမယ့် မရောက်ဘူး။ မဖြန်းပေးဘူး။ နှစ်တိုင်းဖျားနာသူတွေ အရမ်းများတယ်။ အခုမှ စဖျားလာတာဆိုတော့ မိုးရာသီကုန်ထိဆို ဘယ်လောက်ထိဖျားအုံးမလဲ မပြောတတ်ဘူး။” ဟု အထက်ပါ စစ်ရှောင်က ဆက်ပြောသည်။


 ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေး ပြင်းထန်သောကြောင့် အသက်သေဆုံးခဲ့ရသည့် ဆရာမမှာ တနိုင်းမြို့မှ ကျောင်းဆရာမအဖြစ် ဆပ်ကပ်နေသူ ဖြစ်ကြောင်းလည်း ထပ်မံသိရပြီး၊ ပူတာအိုမြို့ပြင်ဘက်တွင် တည်ရှိသည့် အင်ဒွပ်ယာန်စစ်ရှောင်စခန်းသည် လမ်းပိုင်းဆက်သွယ်ရေးမှာ အလွန်ခက်ခဲသည့် ဒေသများဖြစ်ကြောင်း သိရသည်။


 အင်ဒွပ်ယာန်စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ခြေ (၉၂)အိမ်ရှိပြီး၊ လူဦးရေမှာ (၄၇၃)ဦးအထိရှိကာ၊ ယင်းစစ်ရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လောဒ်မိုင်ယာန်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page