၁၀ ရက်ကြာပိတ်ထားသည့် ပူတာအိုလမ်းကို တစ်ရက်တာ ဖွင့်ပေးပြီး၊ ပြန်ပိတ်
- Pajau Media

- Nov 3
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းကို ၁၀ရက်ကြာပြီး နိုဝင်ဘာ ၁ရက်နေ့ ပြီးခဲ့သည့်ပတ် စနေနေ့ တစ်ရက်တည်းတွင် အတက်အဆင်းကားများ ဖြတ်သန်းခွင့် ပြုလိုက်ပြီး၊ တနင်္ဂနွေနေ့တွင် ပြန်ပိတ်လိုက်ကြောင်း ကားသမားများထံမှ သိရသည်။
စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ပြီးခဲ့သည့် အောက်တိုဘာ၂၃ရက်နေ့တွင် ရုတ်တရက် ပိတ်ပင်ထားလိုက်ခြင်းဖြစ်ပြီး၊ အောက်တိုဘာ၂၇ရက်နေ့တွင် အဆင်းကားများအတွက် ဖွင့်ပေးခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁ရက်နေ့တွင် အတက်ကားများအတွက်ပါ တစ်ရက်တာ ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထပ်မံသိရသည်။
“စနေ့နေ့မှာ ဖွင့်ပေးခဲ့တာ။ အတက်ကားတွေကိုရော ဖြတ်ခွင့်ပေးတယ်။ ပြီးတော့ တနင်္ဂနွေနေ့မှာ ပြန်ပိတ်သွားပြီ။ ဘယ်နေ့မှ ပြန်ဖွင့်မလဲ မသိတော့ဘူး။ တန်ဆောင်တိုင် လပြည့်နေ့ပြီးရင် ပြန်ဖွင့်ပေးမယ်လို့တော့ ကြားနေရတယ်။ သေချာတော့မသိဘူး။” ဟု ကားသမားတစ်ဦးက ပြောသည်။
လက်ရှိ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအခြေအနေကြောင့် ကားဂိတ်များက ရက်အနည်းငယ်အတွင်း ပျက်စီးနိုင်သည့် ကုန်ပစ္စည်းများကို လက်မခံသေးဘဲ ရက်ကြာရှည်ထားနိုင်သည့် အခြားကုန်ပစ္စည်းများမှာ လက်ခံယူပေးနေသည်ဟု ဆိုသည်။
ပူတာအိုလမ်းပိုင်းမကြာခဏ ပိတ်ပင်မှုကြောင့် ပှုတာအိုဒေသတွင် အခြေခံကုန်စျေးနှုန်းများ စတင်မြင့်တက်မှုဖြစ်နေပြီး၊ ဒေသခံများအတွက် ခက်ခဲကြပ်တည်းမှု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
သတင်း - ဇော်



Comments