top of page

၁၂ရက်အတွင်း အရပ်သား (၄၃)ဦး သေဆုံးဟု AAPPထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Dec 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ဒီဇင်ဘာ၁ရက်နေ့မှ ၁၂ရက်နေ့အတွင်း အမျိုးသမီး(၁၂)ဦးနှင့် အမျိုးသား(၃၁)ဦး စုစုပေါင်း ပြည်သူ(၄၃)ဦးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။


ထိုအရေအတွက်တွင် (၃၄)ဦးမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး၊ (၅)ဦးမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အပြင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် သေဆုံးအရပ်သား(၇၄)ဦး၏ ရုပ်အလောင်းများလည်း ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ၈ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားကန့်မြို့၊ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံးခင်းကျေးရွာအုပ်စု မလောင်ကျေးရွာအတွင်းမှ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲကာ ဖခင်ဖြစ်သူ ကိုဇော်လွင်ဦး၊ မိခင်ဖြစ်သူ မတင်မိုးလှိုင်နှင့် သားဖြစ်သူမောင်ဖြိုးဝေထွန်းတို့ မိသားစုသုံးဦး ကျည်စထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သည်။


ထို့အပြင် ရွေးကောက်ပွဲဥပဒေဖြင့် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ (၁၂၁)ဦးရှိပြီး ထိုအရေအတွက်ထဲတွင် အတည်ပြုနေဆဲ (၈၄)ဦး ပါဝင်သည်ဟု AAPPက ထပ်မံဖော်ပြထားသည်။


သတင်း - ထုဆိုင်း


Photo credit to AAPP


Comments


Pajau Media

Thanks for subscribing!

bottom of page