top of page

၂လကျော်အတွင်း ကချင်ပြည်နယ်မှ အမျိုးသမီး(၇)ဦးနှင့် အမျိုးသား(၉)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်တွင် စစ်ကောင်စီကြောင့် ၂လကျော်အတွင်း အမျိုးသမီး(၇)ဦးနှင့် အမျိုးသား(၉)ဦး စုစုပေါင်း (၁၆)ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အတည်ပြု ပြောဆိုထားသည်။


အဆိုပါ သေဆုံးမှုမှာ ဇူလိုင်၁ရက်နေ့မှ စက်တင်ဘာ၂၄ရက်နေ့အထိ အတည်ပြုထားခြင်းဖြစ်ပြီး၊ သေဆုံးသူများထဲတွင် အသက်(၁၈)နှစ်အောက် ကလေးငယ် (၄)ဦးလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။


ထို့အပြင် သေဆုံးသူ(၁၂)ဦးမှာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး၊ နောက်ထပ်(၄)ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကာ၊ အတည်ပြုရန် လိုအပ်နေဆဲ(၂၇)ဦး၏ ရုပ်အလောင်းလည်း ထပ်မံရှိနေသေးသည်ဟု ဆိုသည်။


ပြီးခဲ့သည့် စက်တင်ဘာ (၂၂)ရက်နေ့ ညနေ ၆နာရီဝန်းကျင်အချိန်တွင် ဖားကန့်-ဆိပ်မူကျေးရွာအုပ်စုရှိ ကျောက်သွေးတောင်ကျေးရွာကို ဖားကန့်မြို့ဗျူဟာကုန်း၌ တပ်စွဲထားသော စစ်တပ်က လေကြောင်း Paramotor များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုကျော်စိုးနှင့် သားဖြစ်သူ မောင်ထူးထူးစံတို့ သားအဖနှစ်ဦးဗုံးစထိမှန် သေဆုံးခဲ့ရသည်။


စစ်ကောင်စီက စက်တင်ဘာလဆန်းကတည်းက ယနေ့အချိန်ထိ လေယာဉ်ပျံဝဲခြင်း၊ ဒရုန်းလွှတ်ပျံသန်းခြင်းနှင့် လက်နက်ကြီးပစ်ခတ်သံများမှာ နေ့စဉ်ကြားနေရဆဲဖြစ်ကာ၊ မြစ်ကြီးနားမှ ဝိုင်းမော်ဒေသဘက် လက်နက်ကြီးပစ်ခတ် တိုက်ကူမှုလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page