၂၀၂၅ တစ်နှစ်တာတွင်း အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရ
- Pajau Media

- Jan 7
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ဇန္န၀ါရီ၊၂၀၂၆။
ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၃၃ ဦး သေဆုံးကာ ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ယနေ့ ဇန်နဝါရီ ၇ရက်တွင် ထုတ်ပြန်သည်။
KHRW၏ အချက်အလက် စာရင်းဇယားတွေအရ ၂၀၂၅ ခုနှစ်အတွင်း မတရားဖမ်းဆီးခံရသူ ၁၇ ဦး၊ သေဆုံးသူ ၁၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၇ ဦး ရှိကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ပြည်သူလူထု အစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရပြီး၊ ဖြစ်စဉ်မှာ ၅ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု ဆိုသည်။
၂၀၂၅ ဇန်နဝါရီလတွင် တနိုင်းမြို့နယ် ကစန်လွန်ရွှေမှော်ကို လေကြောင်း ဗုံးကြဲခဲ့သဖြင့် အရပ်သား ၁၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီလတွင်လည်း မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ကို စစ်တပ် လေကြောင်း ဗုံးကြဲလို့ ကလေးငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်။
မတ်လတွင် ဗန်းမော်မြို့တွင်း ပိတ်မိနေသည့် စစ်ရှောင်နေထိုင်ရာ နေရာကို လေကြောင်းဗုံးကြဲခဲ့သဖြင့် ပြည်သူ ၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့သည်။
ဇွန်လ ၇ ရက်မှာလည်း ဖားကန့်မြို့နယ် လုံးခင်းဒေသကို စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးခဲ့ရသလို စက်တင်ဘာ ၂၉ ရက် ကလည်း ဝိုင်းမော်မြို့နယ် ဆဒုံးဒေသကို စစ်တပ် လေကြောင်း တိုက်ခိုက်လို့ ပြည်သူ ၈ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း KHRW က ဖော်ပြထားသည်။
သတင်း- ထုဆိုင်း
Photo Credit to Owner








Comments