top of page

ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နှင့်မိုးကောင်းမြို့အပါအဝင် မြို့နယ်အများစု၌ လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစတင်ဖမ်းဆီးနေ

  • Writer: Pajau Media
    Pajau Media
  • Jun 3
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဇွန်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ကျေးရွာ၊ရပ်ကွက်များတွင် လိုင်စင်မဲ့ မော်တော်၊ဆိုင်ကယ်၊ ယာဉ်ကြီးယာဉ်ငယ်များ မောင်းနှင်ခြင်းနှင့် ရောင်းဝယ်ခြင်းများ တွေ့ရှိပါက အရေးယူမည်ဟု လိုက်လံပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။


“သူတို့ထဲမှာက ရဲတွေ၊ မီးသတ်တွေပါတယ်။ ဘယ်ချိန်ကတည်းက စဖမ်းမယ်လို့တော့ မပြောသွားဘူး။ လိုင်စင်မဲ့ ကားတွေ၊လိုင်စင်မဲ့ဆိုင်ကယ်တွေ သွားလာတာစီးတာတွေ့ရင်၊ ရောင်းဝယ်တာတွေ့ရင် ဖမ်းဆီးပြီးအရေးယူမယ်လို့ ပြောတယ်။ လိုင်စင်လုပ်ပေးမယ်ဆိုတာတွေ မပြောသွားဘူး။ လိုင်စင်မဲ့တွေ၊ အတုတွေ၊ ပွားတာတွေ တွေ့ရင် ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ပဲ ပြောသွားတယ်။” ဟု အထက်ပါဒေသခံကပြောသည်။


ဇွန်လ(၂)ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များပါဝင်သည့် သုံးဘီးဖြင့် လိုက်လံသတိပေး ပြောဆိုခြင်းဖြစ်ပြီး နမ္မတီးမြို့အပါအဝင် ကျေးရွာအတော်များများတွင် သတိပေးပြောဆိုခဲ့သည်ဟု ဆိုသည်။


“အခုဟာက ဆိုင်ကယ်ကော ဖမ်းမယ်ဆိုတော့ သတိထားပြီး သွားလာရတော့မယ်။ ကျနော်တို့ဒေသမှာသာ ဆိုင်ကယ်ကော ဖမ်းမယ်ဆို လယ်ယာ၊တောင်ယာ လုပ်စားကြတဲ့ လက်လုပ်လက်စားတွေအတွက် သွားလာရေးက ခက်ခဲသွားမယ် ထင်တယ်။” ဟုလည်းဆက်ပြောသည်။


ဒေသခံများက လိုင်စင်မဲ့ကားအပြင် ဆိုင်ကယ်များကိုပါဖမ်းဆီး အရေးယူမည်ဟု ပြောဆိုသွားသောကြောင့် ဒေသခံများ သွားလာရေးအတွက် ပိုမိုခက်ခဲသွားမည်ကို စိုးရိမ်နေကြသည်။


ပြီးခဲ့သည့် မေလ(၂၀)ရက်နေ့ကပြုလုပ်ခဲ့သည့် နေပြည်တော်အစည်းအဝေးတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ၊ နံပါတ်ပြားအတုများ၊ လိုင်စင်အတုများကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့သည်။


ထို့နောက် ဇွန်လ(၁)ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် နိုင်ငံတစ်ဝန်း ဖမ်းဆီးနေပြီဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရှိ အဘိုးအိုသုံးယောက်အဝိုင်းပတ်တွင်လည်း ယနေ့မှစပြီး လိုင်စင်မဲ့ကားများကို စတင်စစ်ဆေးဖမ်းဆီးနေပြီဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page