top of page

ကချင်ပြည်နယ်တွင် လေယာဉ်ဗုံး၊ လက်နက်ကြီးငယ်များ‌ကြောင့် ဇန္နဝါရီလအတွင်း အပြစ်မဲ့ပြည်သူ (၂၃)ဦးသေဆုံး၊ (၃၅)ဦးထိခိုက်ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Feb 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။



ကချင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာသောကြောင့် ဇန္နဝါရီလတွင်း ပြည်သူ(၂၃)ဦး အသက်သေဆုံးကာ၊ (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KHRWက ထုတ်ပြန်ထားသည်။


ဇန္နဝါ ၂၂ ရက် ညနေ ၄ နာရီခန့် ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ကောင်ဂျာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ ဆုတောင်းဝတ်ပြုနေချိန် စစ်တပ်၏ ဂျက်လေယာဉ်ဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂၃)ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ်များအပါအဝင် (၃၀)ဦး ဒဏ်ရာရရှိခဲ့သည်။


ထို့အပြင် ဇန္နဝါရီ ၂၅ ရက်နေ့တွင်လည်း ဖားကန့်ဒေသ ထိတွေ့တိုက်ပွဲ ပြင်းထန်နေချိန် စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆိုင်းတောင် ငှက်ပျောတောရပ်ကွက်တွင် ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ယင်းဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေခြင်းကြောင့် KHRWမှ တောင်းဆိုချက်မှာ စစ်ဘေးရှောင်နေသည့် ပြည်သူများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းများကို ရပ်တန့်ရန်၊ International Humanitarian Law အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေများအား လိုက်နာပေးရန် ပြောဆိုထားသည်။


ထို့အပြင် စစ်ရာဇဝတ်မှုကျူးလွန်သူများကို နိုင်ငံတကာတရားစီရင်ရေး ယန္တရားများမှတစ်ဆင့် ထိရောက်စွာ အရေးယူပေးရန်၊ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ စစ်ကောင်စီထံ စီးဝင်မှုများကို ဖြတ်တောက်နိုင်ရန်အတွက် နိုင်ငံတကာမှ ပူးပေါင်း၍ ထိရောက်သော အရေးယူပေးမှုများ အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ကလေးငယ်များနှင့် ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ်ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအကူအညီများ အချိန်မှီပံ့ပိုးပေးရန်၊ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအကူအညီများကို အတားအဆီးမရှိ ကူညီခွင့်ရရှိရေးအတွက် တောင်းဆိုထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page