top of page

စီတာပူရပ်ကွက် ကမ်းနားလမ်းဘက်တွက် မနေ့ည သန်းခေါင်ယံအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် တချို့ပျက်စီးခဲ့ပြီး၊ လူထိခိုက်မှုရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 21
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ကမ်းနားလမ်းဘက်တွက် မနေ့ည သန်းခေါင်ယံအချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် တချို့ပျက်စီးခဲ့ပြီး၊ လူထိခိုက်မှုရှိတယ်လို့ မြို့ခံတွေကပြောပြလာပါတယ်။


စီတာပူအပိုင်း ၄ ကမ်းနားလမ်းဘက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တချို့ ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေ လူငယ်တစ်ဦးပြောပြချက်အရသိရပါတယ်။


“မနေ့ည သန်းခေါင်ယံလောက် ဖြစ်တာ၊ တစ်ခုက လက်ဖက်ရည်ဆိုင်နားမှာကျတယ်၊ နောက်တခုက အိမ်ရှေ့ ကားထားတဲ့နေရာမှာကျတာ၊ ဘေးနားက အိမ်တွေပါ ထိတာ၊ ကားနဲ့ ဆိုင်ကယ်လည်း ထိသွားတယ်။ ကျတာ တစ်ခုနဲ့တစ်ခု သိပ်တော့မဝေးဘူး။” ဟု စီတာပူရပ်ကွက်နေ လူငယ်တစ်ဦးပြောပြသည်။


ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်နှင့် နေအိမ်အတွင်းရှိ ကားနှင့် ဆိုင်ကယ်တချို့ပျက်စီးခဲ့ပြီး အသက် ၄၀ အရွယ်အမေဖြစ်သူနှင့် အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


လက်နက်ကြီးကျည်စများကိုတော့ ဒီနေ့မနက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ယူဆောင်သွားကြောင်းသိရသည်။


ထို့ပြင် မနေ့ည ၉ နာရီဝန်းကျင်လောက်တွင်လည်း မြစ်ကြီးနားလေဆိပ်အတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ခရီးသည်တင်လေယာဉ် MNA လေယာဉ်၏ အမြီးပိုင်းထိခိုက်ခဲ့ကြောင်းသိရသည်။


ထိုဖြစ်စဥ်အတွင်း လူထိခိုက်မှုမရှိသော်လည်း လေကြောင်းခရီးစဥ်အားလုံး ကိုရပ်နားထားခဲ့ရပြီး လေကြောင်းခရီးစဥ်များကို (၃)လ လောက်ရပ်နားထားမယ်လို့ လေယောဥ်လက်မှတ်အရောင်း ဝန်ထမ်းတွေဆီကသိရပါတယ်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်လည်း မြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page