စကစ ရွေးကောက်ပွဲ အပိုင်း၃ ကျင်းပခဲ့သည့် ဖားကန့်မြို့တွင်း အရပ်သား ၅ဦးထက်မနည်း သေဆုံးခဲ့ရ
- Pajau Media

- Jan 27
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ဇန္နဝါရီ၊၂၀၂၆။
ဖားကန့်မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း၃ ကျင်းပခဲ့သည့် ဇန္နဝါရီ ၂၅ရက်နေ့က စစ်ကောင်စီနှင့် KIA နှစ်ဖက်တပ်များအကြား လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ဦးထက်မနည်း အသက်သေဆုံးခဲ့ရကြောင်း သိရသည်။
ယင်းနေ့ နံနက်ပိုင်းအချိန်၌ ဆိုင်းတောင် ရပ်ကွက် (၃) အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် (၃) ဦးဒဏ်ရာရရှိခဲ့သလို၊ ငှက်ပျောတော ရပ်ကွက်တွင်လည်း လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း၃ ကာလအတွင်း နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ဖားကန့်မြို့ပေါ်ရှိ မဲရုံများ ပိတ်ထားခဲ့ရကြောင်း သိရသည်။
လက်ရှိ ဖားကန့်မြို့အပါအဝင် ဝိုင်းမော်မြို့နှင့် ဗန်းမော်မြို့များရှိ အရပ်သားပြည်သူများ၏ အသက်လုံခြုံရေးအတွက် အထူးစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
၂၀၂၆ခုနှစ် နှစ်ဆန်းပိုင်းအတွင်းပင် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူများ ခိုလှုံရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။
အလားတူ ၂၂ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောင်ဂျာကျေးရွာကို စစ်တပ်မှ လေယာဉ်ဗုံးပစ်ခတ်သောကြောင့် အရပ်သား ပြည်သူ ၂၀ကျော် အသက်သေဆုံးကာ ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
သတင်း - ထုဆိုင်း










Comments