စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဝေကြိုင်ရွာမှ သားအမိနှစ်ဦး လက်နက်ထိမှန်သေဆုံး
- Pajau Media

- Mar 7, 2024
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ မတ်လ၊၂၀၂၄ ခုနှစ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၊ ဝေကြိုင်ရပ်ကွက် အထက်ပိုင်းရှိ ဓာတ်ဆီပန့်ဆိုင်အကျော်တွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် သားအမိနှစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့ပြီး၊ အမျိုးသားတစ်ဦး ပြန်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းဒေသရှိ ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်း ၅နာရီခွဲအချိန်လောက်မှစပြီး လိုင်ဇာဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းသို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ထိုးစစ်ဆင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၊ ၁၀နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထိုစဉ် ဆိုင်ကယ်ဖြင့် ဖြတ်သန်းလာသော အမျိုးသားတစ်ဦးလည်း ထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့ခံ တစ်ဦးက “လေယာဉ်နှစ်စီးတော့ ပျံသန်းနေပါတယ်၊ ဗုံးကျဲတာတော့ မရှိေသးဘူး ကျနော်တို့လည်း လုံခြုံတဲ့ နေရာမှာ ပြေးနေပါတယ် စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ထိပြီး သားအမိနှစ်ဦးကတော့ သေသွားပြီ” ဟု မနက် ၁၀ နာရီခန့်တွင်ပြောပြလာသည်။
စစ်ကောင်စီတပ်၏ အထိုင်တပ်စခန်းဖြစ်သည့် ခယာတောင်၊ ဘွမ်ရဲတောင်၊ ဖွန်ပျန်တောင် အနီးအနားကို ယနေ့မှစပြီး ကေအိုင်အေဘက်မှ စတင် ထိုးစစ်ဆင်တိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် ဝိုင်းမော်-လိုင်ဇာ လမ်းမကြီးတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း ကေအိုင်အေဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဆိုသည်။ လိုင်ဇာ-ဝေကြိုင်မှ ဒေသခံအချို့မှာ လိုင်ဇာပတ်ဝန်းကျင်အနီး တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ အခြေကျသည့်စခန်းအချို့ကို ကေအိုင်အေဘက်မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် မွန်းလွှဲ ၁၂နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီတပ်မှ လိုင်ဇာမြို့အနီးဝန်းကျင်အတွင်း လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။




Comments