top of page

စစ်‌ကောင်စီမှဖမ်းဆီးထားသည့် ကုန်တင်ကားကြီးများကို မိုင်းနားဘောလုံးကွင်းထဲ သိမ်းဆည်းထား

  • Writer: Pajau Media
    Pajau Media
  • Feb 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


စစ်ကောင်စီတပ်ဖွဲ့က ပုံမှန်ဖြတ်သန်းသွားလာနေသည့် ကုန်တင်ကားကြီးများကို မိုင်းနားဘောလုံးကွင်းတွင် ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


ဒေသခံတစ်ဦးက “ဖေဖော်ဝါရီ ၂ ရက်နေ့ ဖြတ်လာတဲ့ကားတွေ အားလုံးကို စစ်သားတွေနဲ့ ဘောလုံးကွင်းထဲကို မောင်းဝင်သွားတယ်။ အဲ့ဒီထဲမှာ စစ်သားတွေလဲ ရှိတယ်၊ စောင့်နေတယ်။ အခုထိ သိမ်းထားဆဲဟုတ်တယ်။ ပိုက်ဆံနဲ့ ပြန်ရွေးထုတ်ရမလား မသိဘူး။ ကုန်တင်ကားတွေကို ပိုက်ဆံအရမ်းကောက်တယ် ဆိုတဲ့သတင်းကြောင့် လုပ်တယ်လို့ မြင်တယ်။” ဟု ပြောပြသည်။


ဖမ်းဆီးထားသည့် ကားများကို မိုင်းနားဘောလုံးကွင်းထဲတွင် သိမ်းဆည်းထားပြီး၊ ကုန်တင်ကားအစီးရေ (၅၀)ကျော် ရှိနေသည့်အပြင် ယင်းကားများကို ရဲများက စောင့်ကြပ်နေကြောင်း ထပ်မံသိရသည်။


ပြီးခဲ့သည့်အပတ်မှစ၍ ဝိုင်းမော်-လမြန်ဒေသဘက် စစ်ရေးတင်းမာလာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မိုင်းနား-ဝါရှောင်လမ်း ငှက်ပျောတောထဲ တပ်စွဲထားသည့် ပြည်သူ့စစ်၏ ဂိတ်ကြေးကောက်သည့် ဂိတ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးချိန် ယခုကဲ့သို့ ကားကြီးများ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိ ဝိုင်းမော်စစ်မျက်နှာဘက် စစ်ရေးအရှိန် မြင့်တက်နေဆဲဖြစ်သောကြောင့် ဝိုင်းမော်-ဝါရှောင်လမ်း ပိတ်ထားဆဲဖြစ်ကြောင်းလည်း သိရသည်။


ဒေသသတင်းများတွင် မိုင်းနားစစ်ရှောင်စခန်းတွင်း စစ်ကောင်စီများ နေရာဝင်ယူထားသည့် သတင်းများ ပြန့်နှံ့နေသော်လည်း လက်တွေ့မှာ တိုက်ပွဲဖြစ်ပွားသည့်နေ့ ၌ စစ်ရေးလှုပ်ရှားမှုသာရှိခဲ့ပြီး၊ တပ်စွဲအခြေချထားခြင်း မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page