စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံး
- Pajau Media

- Mar 7, 2024
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။

စစ်ကောင်စီလက်အောက်ခံ ဝိုင်းမော်ဌာနေ လီဆူပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းသည် ယနေ့ မတ်လ ၇ရက်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအရောက်နေရာ၌ KIA မှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“ဒီမနက် ၇နာရီခွဲအချိန်ခန့်တွင် ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို 4 wheel ကားတစ်စီးဖြင့် ထွက်လာသည့် ပြည်သူ့စစ်အဖွဲ့ကို KIA တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့အားလုံး သေဆုံးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းလည်း သေဆုံးသွားကြောင်း သိရှိရသည်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးရွှေမင်းသည် ယနေ့ နံနက်ပိုင်းအချိန်ခန့်၌ ဝိုင်းမော်နှင့် ရွှေညောင်ပင်ရွာအကြားရှိ ခါးရှီကျေးရွာအရောက်တွင် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေနတ်ထိမှန်သေဆုံးခဲ့ပြီး ဦးရွှေမင်းနှင့်အတူ စစ်သား၃ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ သတင်းတင်ဆက်ပေးနေသည့် People Media Telegram မှာလည်း “ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေသစ် ကျေးရွာ အင်လုံခတံတား အနီး၌ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် KIA လက်ချက်ဖြင့် ကျဆံုးခဲ့ပြီး၊ အလောင်းကို KIA က ရရှိထားသည်။” ဟု ရေးသားဖော်ပြထားသည်။
ဦးရွှေမင်း၏ နာမည်အရင်းသည် ဆီဖာလာလူးဆိုသူဖြစ်ပြီး စစ်ကောင်စီမှ ချီးမြင့်သည့် သီရိပျံချီဘွဲ့ ရရှိထားကာ၊ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိခဲ့သူ ဖြစ်သည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်မှစ၍ စစ်ကောင်စီ၏ အားပေးမှုဖြင့် ဝိုင်းမော်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းကာ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့တွင် လီဆူလူမျိုးများအားလုံး တစ်အိမ်တစ်ဦး စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခဲ့သူ ဖြစ်သည်။
KIA အနေဖြင့်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များကို ယခင်ကတည်းက သတိပေးထားသည့်အပြင် ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်သည်လည်း လီဆူတစ်မျိုးသားလုံးကို ကိုယ်စားမပြုကြောင်း လီဆူလူငယ်များ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ထားသည့် အဖွဲ့ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်မှ ယနေ့ နံနက်ပိုင်း ၅နာရီဝန်းကျင်မှစပြီး မြစ်ကြီးနာ-ဗန်းမော်လမ်းမကြီး တစ်လျှောက်နှင့် မိုးမောက်၊ လိုင်ဇာ ဒေသရှိ စစ်တပ်စခန်း ၁၃ခုထက်မနည်းကို ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ ဦးရွှေမင်း၏ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။




Comments