top of page

စစ်တပ်၏အရပ်သားပြည်သူပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောင်းတက်နေသော ကလေးသူငယ်များကြောက်လန့်စွာ စာသင်နေရ

  • Writer: Pajau Media
    Pajau Media
  • Mar 1, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက် ၊ မတ်လ ၊ ၂၀၂၄ခုနှစ်



အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများစွာ ပျက်စီးသည်သာမက ကျောင်းတက်နေသော ကလေးငယ်များပါ လက်နက်ထိကာ အသက်သေဆုံးခြင်းများဖြစ်ပေါ်သဖြင့် ကျန်ရှိနေသော ကျောင်းနေ ကလေးသူငယ်များမှာ ကြောက်လန့်စွာ ကျောင်းတက် စာသင်နေရသည်။


 စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာအတွင်းဝင်ရောက် စီးနင်းမှုများ နှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူများ၏ အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးသည်သာမက အရပ်သားပြည်သူများ၏ အသက်ပေါင်းများစွာကိုလည်း ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။


 နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၀၂၃ အောက်တိုဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်ကာလအတွင်း ကလေးငယ်အပါအဝင် နိုင်ငံတစ်ဝန်း အသက်သေဆုံးခဲ့သူပေါင်း ၄,၁၄၁ ဉီးရှိနေပြီဖြစ်ကြောင်း သိရှိရပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန ၏ ၂၀၂၃ အောက်တိုဘာ ၄ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ အသက်သေဆုံးသွားသော အရပ်သားပြည်သူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၄၉၁ ဉီးပါဝင်နေကြောင်း ထပ်မံ သိရှိရသည်။


 NUG လူ့အခွင့်အရေးဝန်ကြီး ဉီးအောင်မျိုးမင်း၏ RFA သတင်းဌာနသို့ ပြောကြားချက်အရ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ အောက်တိုဘာလ အထိ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိစာသင်ကျောင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် အသက်မသေ ကျန်ရစ်နေသော ကလေးငယ်များသည်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်အား ကြောက်လန့်ကာ စာသင်နေချိန်တွင်ပင် စာကိုကောင်းစွာမသင်ကြားနိုင်ပဲ မိုးပေါ်သို့သာ တစ်ချိန်လုံးကြည့်ကာ လေကြောင်းလာမလာစစ်ဆေးကာ စာသင်နေကြရကြောင်းကို NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဇန်နာလှလှစိုး၏ အဆိုအရသိရှိရသည်။


 အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုစုထားသောစာရင်းများအရ စကစ၏ အာဏာသိမ်းပြီးချိန်မှစ၍ နှစ်နှစ်ခွဲကျော်ကာလအတွင်း လေကြောင်း နှင့် ဖျက်အားပြင်း လက်နက်သုံးကာ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှု ပေါင်းအကြိမ်ရေ ၂၃၅၁ ကြိမ်ခန့် ရှိခဲ့ကြောင်းသိရှိရသည်။ ထို တိုက်ခိုက်မှုများအနက် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏အစီရင်ခံစာအရ အာဏာသိမ်းမှုအလွန် ၂ နှစ် နှင့် ၇ လကျော်အတွင်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၀၂ ကြိမ် ခန့် ပြုလုပ်ခဲ့ရာ NUG အစိုးရ၏ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈၉၇ ဉီးသေဆုံးခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။


 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်မှ လက်နက်ကြီး၊လေကြောင်း တို့ကိုတစ်ပြိုင်နက်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာ ကလေးသူငယ် ၁၃ ဉီးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဉီးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဉီးထက်မနည်းရှိကြောင်းသိရှိရသည်။


 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသော ခမ်းပါတ်မြို့အနီးရှိ ကနန်ရွာ အား စစ်တပ်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေး ၉ ဉီးအပါအဝင် အရပ်သား ၁၇ ဉီးသေဆုံးခဲ့သည်။ ကလေးသူငယ် ၁၀ ဉ်ီး အပါအဝင် အရပ်သား ၁၉ ဉီး ထိခိုက်ဒဏ်ရာရခဲ့သည်။


 ထို့အပြင် လွန်ခဲ့သော ၂၀၂၄၊ ဖေဖော်ဝါရီ ၅ရက်နေ့တွင်လည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင်းမှ စစ်ရှောင်ကလေးများ စာသင်ကြားနေသော စာသင်ကျောင်းများအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ကလေး (၄)ဉီး သေဆုံးကာ (၁၄)ဉီးထက်မနည်းဒဏ်ရာရရှိခဲ့သည်။


၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ် နှင့် ယခု ၂၀၂၄ နှစ်ဆန်း အထိ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာပြီး ၁၈ နှစ်အောက် ကလေးသူငယ် သေဆုံး ဒဏ်ရာရရှိမှု၊ အရပ်သားသေဆုံး ဒဏ်ရာရရှိမှု နှင့် အဆောက်အဉီးများ ထိခိုက်ပျက်စီးးမှုအရေအတွက်မှာလည်း သိသိသာသာ တိုးမြင့်လာခဲ့သည် ဖြစ်သည်။


 သတင်း - ND

Comments


Pajau Media

Thanks for subscribing!

bottom of page