စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးနောက် လူငယ်ပျောက်ဆုံးမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာ
- Pajau Media

- Feb 22, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၂ ရက်၊ ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေတည်မြဲကြောင်း ပြဌာန်းပြီး ဖေဖော်ဝါရီ ၁၀ရက်ကျော်နောက်ပိုင်းတွင် ဝိုင်းမော်မြို့ နှင့် မြစ်ကြီးနားမြို့ပေါ်မှ လူငယ်များ ပျောက်ဆုံးမှု ခပ်စိပ်စိပ် ရှိလာပြီး တစ်ပတ်ကျော်ကြာမြင့်လာသည်အထိ အဆက် အသွယ် မရရှိသေးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ရက် သောကြာနေ့တွင် ဝိုင်းမော်မုတ်ကျိတ်ကျေးရွာ “လောကအလင်း” လူငယ်ပြုပြင်ရေး သင်တန်းကျောင်းမှ လူငယ်တစ်ဦး ဖုန်းဘေဝယ်ရန် ထွက်သွားစဉ်မှ ပျောက်ဆုံးမှု ဖြစ်ခဲ့ပြီး တစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ “ဖုန်းဘေဝယ်ဖို့ ဆိုင်ကယ်နဲ့ ကျောင်းကနေ မနက်ပိုင်းမှာ ထွက်သွားတာ၊ ပြီးတော့ ညနေပိုင်းက အမျိုးအိမ်မှာ အလုပ်ကိစ္စရှိလို့ဆိုပြီး အဲ့ည အဆောင်မှာ မအိပ်မဲ့အကြာင်း အဆောင်မှူးကို ခွင့်တောင်းအကြောင်းကြားလာတယ်၊ အဆောင်မှူးက ကျောင်းအပြင်မှာ အိပ်တာက ကျောင်းစည်းကမ်းဖောက်ရာ ရောက်တယ်၊ အပြင်မှာ မအိပ်နဲ့ အချိန်မှီ ပြန်ခဲ့လို့ ပြောလိုက်တယ်။ အဲ့နောက်ပိုင်း ဖုန်းဆက်သွယ်မှုမရတော့ဘူး” ဟု ကျောင်းတာဝန်ခံက ပြောသည်။
ဦးတန်ဒိန့်ပြောပြချက်အရ ပျောက်ဆုံးသူ လူငယ်သည် အသက်၂၆ဝန်းကျင်ရှိပြီး၊ လူငယ်ပြုပြင်ရေး ကျောင်းသို့ ရောက်ရှိလာသည်မှာ ၁၀နှစ်ကျော်ကြာပြီဖြစ်သည်ဟု ဆိုသည်။ လက်ရှိကျောင်း၌ အထွေထွေလုပ်ငန်းများတွင် ဦးဆောင်ကာ အားကိုးရသော သူဖြစ်ကြောင်းလည်း ပြောသည်။
ထို့နောက် ဝါးရှောင်ကျေးရွာမှ အသက်၁၇နှစ်ဝန်းကျင် အရွယ်ရှိသည့် အမျိုးသား လူငယ်နှစ်ဦးသည်လည်း ဝိုင်းမော်မြို့သို့ ဆိုင်ကယ်ဝယ်ယူရန် ဆင်းလာရာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ယနေ့အထိ ပျောက်ဆုံးနေခဲ့ကြောင်း ထပ်မံသိရှိရသည်။
ဒေသခံများသည် စစ်ကောင်စီ၏ ၂၀၁၀ခုနှစ် နိုဝင်ဘာ (၄)ရက်နေ့တွင် ပြဌာန်းခဲ့သည့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အတည်ပြု ကြေငြာခဲ့ပြီးနောက် လူငယ်များ ခပ်စိပ်စိပ်ပျောက်ဆုံးနေမှု များပြားလာနေသည်ဟု ပြောဆိုနေကြသည်။
မိသားစုဝင်များမှာ ပျောက်ဆုံးသူ လူငယ်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းအရာများပင် မသိရှိကြောင်းနှင့် မည်သည့်တပ်ဖွဲ့ဘက်မှ ခေါ်ဆောင်သွားသည်ကိုလည်း မခန့်မှန်းတတ်ဘူးဟု ပြောသည်။
ထို့အပြင် ၁၆ရက်နေ့ ည၇နာရီအချိန်ခန့်၌လည်း မြစ်ကြီးနား၊မန်ခိန်ရပ်ကွက်မှ လူငယ်နှစ်ဦးသည် အဒေါ်ဖြစ်သူအိမ်သို့ ဆိုင်ကယ်သွားပို့ပြီး အပြန်လမ်းတွင် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးသွားသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပါ တပ်သားသစ်စုဆောင်းမှုများ ပြန်လည်လုပ်ဆောင်လာသဖြင့် လူငယ်အများအပြား ဖမ်းဆီးခံနေရပြီး၊ အချို့လူငယ်များမှာ ပျောက်ဆုံးနေသည်။
သတင်း - လေပြေ




Comments