top of page

တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဆိုသည့် သတင်းများကြောင့် လုံရှာယာန်ဒေသခံများ စစ်ရှောင်နိုင်ရန် စားနပ်ရိက္ခာများကြိုတင်စုဆောင်းနေ

  • Writer: Pajau Media
    Pajau Media
  • Jan 31
  • 1 min read

ပါဂျောင်မီဒီယာ။

၃၁ရက်၊ဇန္နဝါရီ၊၂၀၂၅။



ree

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ လုံရှာယာန်ကျေးရွာရှိ ဒေသခံများမှာ လတ်တလော ပြန့်နှံ့နေသည့် သတင်းများကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ကြိုတင်ပြင်ဆင်ကာ မိမိပစ္စည်းရိက္ခာများအား တောတောင်ထဲ သယ်ယူပို့ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။


“လုံရှာယာန်မှာက တစ်ချို့ စစ်ဖြစ်လာရင်အတွက်လို့ ဆန်နဲ့ပစ္စည်းတစ်ချို့ကို တောဘက်ကို ပို့ထားတယ်လို့ပြောတယ်။ ဘယ်နေရာတွေလဲတော့ ပြောလို့မရဘူး” ဟု ထိုဒေသနှင့်နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလတွင်လည်း လုံရှာယာန်ကျေးရွာနှင့် မိုင်နှစ်ဆယ်ကျော်လောက်သာ ကွာဝေးသည့် ဆွမ်ပီယာန်ကျေးရွာအုပ်စုမှ ဒေသခံ(၅၀၀၀)ကျော်က စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ရုတ်တရက် ထွက်ပြေးခဲ့ရပြီး လိုအပ်သည့် ပစ္စည်းများ မသယ်ယူနိုင်ဘဲ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။


“ဆွမ်ပီယာန်မှာလည်း ရုတ်တရက်ထွက်ပြေးရတော့ ပစ္စည်းတွေကဘာမှ မယူနိုင်ဘူး တချို့ဆိုကိုယ်ဝတ်ထားတဲ့ အင်္ကျီလောက်ပဲယူနိုင်တာ၊ လုံရှာယာန်မှာလည်း ပစ္စည်းတွေကို အမြန်အဆင်ပြေတဲ့ နေရာပို့ထားရင်ကောင်းမယ်။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။


ဆွမ်ပီယာန်မှ စစ်ရှောင်များမှာ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေချိန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့်အပြင် ပြသနာများစွာ ဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ ပူတာအိုဒေသ တိုက်ပွဲဖြစ်ပွားလာမည်ဟူသော သတင်းများထွက်ပေါ်လာသည်နှင့်အမျှ လုံရှာယာန်ဒေသခံများမှာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြောသည်။


ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီက ဒေသခံများထွက်သွားချိန် မယူနိုင်ဘဲချန်ထားခဲ့သော ပစ္စည်းများအားလုံး ခိုးယူခံရခြင်း၊ အိမ်မွှေးတိရိစ္ဆာန် ကျွဲ၊နွားပါ မကျန် စိတ်ကြိုက်သတ်စားခြင်းနှင့် ဒေသခံများ အဓိကလုပ်ကိုင်စားသောက်ကြသော စီးပွားဖြစ် လိမ္မော်သီး၊ ဂရိတ်ဖရုံသီးပင်များအား ခုတ်လဲပေးခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


ယခုနှစ်ဆန်းပိုင်းမှစပြီး ပူတာအိုဒေသတွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့် သတင်းများထွက်ပေါ်နေပြီး၊ လုံရှာယာန်ကျေးရွာနှင့် ပူတာအို-ဆွမ်ပရာဘွမ့်လမ်းတကြောတွင် ဇန္နဝါရီတတိယပတ်မှ စတင်ကာ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ဟု ဒေသခံများထံမှ သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page