top of page

တိုင်းနှင့်ပြည်နယ် အချို့တွင် မိုးအသင့်အတင့် ရွာသွန်းနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Mar 16
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊မတ်လ၊၂၀၂၆။


ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ပင်လယ်ပြင်များ၌ တိမ်အနည်းငယ် ဖြစ်ထွန်းနေသဖြင့် ယနေ့ မတ်လ ၁၆ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နွေမိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မိုး/ဇလ က ထုတ်ပြန်ထားသည်။


ယနေ့ညနေအထိ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တွင် နေရာကျဲကျဲ ရွာနိုင်သည်။


ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ရာခိုင်နှုန်းအထိ ရှိနေသည်။


လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်း တစ်လျှောက်၌ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။


လာမည့်နှစ်ရက်အတွင်း၌လည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ခြေ ဆက်ရှိနေဦးမည် ဖြစ်သည်ဟု ဆိုထားသည်။


လက်ရှိ မြစ်ကြီးနား ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၈၄၉စင်တီမီတာ/ ၂၈ပေနီးနီးခန့် အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Photos - Crd


Comments


Pajau Media

Thanks for subscribing!

bottom of page