တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မော်လူးမြို့ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်နေ
- Pajau Media

- Feb 19, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့တွင် စစ်ကောင်စီ ပူးပေါင်းတပ်များ တစ်ဖန်ပြန်လည် စစ်ကြောင်းထိုး လှုပ်ရှားလာခြင်းကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။
"မော်လူးမှာက PDFတွေများတော့ စစ်တပ်က လက်နက်ကြီးနဲ့ ခဏခဏလှမ်းထုတယ်၊ ခုလဲ စစ်ကြောင်းက မော်လူးဖက် ထိုးလာတယ်ကြားတော့ တိုက်ပွဲဖြစ်မှာ ကျမတို့အရမ်းစိုးရိမ်နေတယ်၊ အရင်တခါဖြစ်တုန်းကဆိုရင် လူတွေတော်တော်များများ ထိခိုက်ဒါဏ်ရာ ရကြတယ်လေ" ဟု မော်လူးရွာခံတစ်ဦးက ပြောသည်။
အင်းတော်မှ စစ်အင်အား ၆၀ခန့်နှင့် နဘားမှ စစ်ကောင်စီတပ်သား၅၀ခန့် စုစုပေါင်း တပ်အင်အား ၁၀၀ကျော်တို့သည် ဖေဖော်ဝါရီ၁၆ရက် ညအချိန် ၁၂နာရီခွဲ အချိန်ခန့်တွင် ပင်ဝယ်ကျေးရွာဘက် ဦးတည်ပြီး စစ်ကြောင်းထိုးလာသည်ကို တွေ့ရှိခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြရသည်ဟု ညဖက် ငါးရှာထွက်သူ ဒေသခံများက ပြောသည်။
"ကျွန်တော်တို့က ညဖက်မှာ ချောင်းရိုးတလျှောက် ကျင်စက်ထိုးပြီး ငါးရှာကြတာ စစ်သားတွေက ကားလေးစီးအပြည့်ဘဲ၊ ကားသံတွေကြားရလို့ ကျွန်တော်တို့လဲ မီးပိတ်ပီး စောင့်ကြည့်နေကြတာ၊ မော်လူးကို ပြန်သိမ်းမယ်ဆိုတဲ့ သတင်းကြားနေတာလဲ လေးရက်ေကျာ်ရှိပြီ"ဟု ဒေသခံများက ဆက်ပြောသည်။
ထို့အပြင် ဒေသခံများ ပြောပြချက်အရ စစ်ကောင်စီပူးပေါင်းတပ်မှ မော်လူးမြို့အား ပြန်လည်တိုက်ခိုက်သိမ်းယူမည့် သတင်းများ ရပ်ကွက်အတွင်း ပြန့်နှံနေသည်မှာ ၅ရက်နီးပါး ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့် မော်လူးမြို့ ရဲစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကချင်လွတ်မြောက်ရေးတပ် KIA၊ KPDF နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်မှ ယမန်နှစ် ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ပြီး မော်လူးမြို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်ခဲ့သည်။




Comments