top of page

နောင်းချိန်းကျောင်းတွင် စာသင်ခန်းမလုံလောက်သည့်အပြင် ဆရာ/မ မလုံလောက်သောကြောင့် အချိန်ခွဲသင်နေရ

  • Writer: Pajau Media
    Pajau Media
  • Jun 27, 2024
  • 1 min read

ပါဂျောင်မီီဒီယာ

၂၇ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။



ree

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာတွင် ကျောင်းဖွင့်နေပြီဖြစ်သော်လည်း စာသင်ခန်းနှင့် စာသင်ကြားပေးမည့် ကျောင်းဆရာ/မ မလုံလောက်သောကြောင့် အချိန်ခွဲသင်နေရသည်ဟု ဒေသခံများက ပြောသည်။


စစ်ရှောင်ကျောင်းသားများအပါအဝင် နောင်းချိန်းကျေးရွာမှ ကျောင်းသားများ အားလုံးပေါင်း တစ်ထောင်ကျော်ရှိပြီး ကျောင်းစာသင်ခန်း မလုံလောက်သည့်အခက်အခဲနှင့် ကျောင်းဆရာ/မ မလုံလောက်သည့် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။


ပြီးခဲ့သည့် ဇွန်လဆန်းပိုင်း တစ်ရက်နေ့မှစပြီး ဖွင့်လှစ်နေပြီဖြစ်သည့် အခြေခံပညာကျောင်းတွင် မတက်ရောက်နိုင်ဘဲ စစ်ရှောင်အတွင်း သောင်တင်နေသည့် ကျောင်းသားများ ရာဂဏန်းရှိနေကြောင်းနှင့် ကျောင်းမတက်နိုင်သည်မှာ တစ်လနီးပါးရှိနေပြီ ဖြစ်သည်။


စာသင်ခန်းမလုံလောက်သည့် အခက်အခဲအပြင် စာသင်ကြားပေးမည့် ကျောင်းဆရာ/မ မလုံလောက်သည့် ပြသနာပါရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


“အခုက ကျောင်းသားများတာနဲ့၊ စာသင်ကြားပေးမယ့် ဆရာ/မ ကပါ မလုံလောက်တာ။ စာသင်ခန်းမလောက်တာနဲ့၊ ဆရာ/မ မလောက်တာနဲ့ဆိုတော့ လောလောဆယ်က အချိန်မျှပြီး သင်နေကြတယ်။ မနက်နဲ့ည ခွဲပြီးသင်နေကြတယ်”


လက်ရှိနောင်းချိန်းကျေးရွာ အခြေခံပညာရေးကျောင်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသားများမှာ စာသင်ခန်းမလုံလောက်သောကြောင့် မနက်နှင့်ညနေပိုင်းတွင် လူဦးရေခွဲကာ အလှည့်ကျ သင်ကြားနေရကြောင်းနှင့် ကျောင်းမတက်နိုင်သေးသည့် စစ်ရှောင်ကျောင်းသားများမှာ ဝိုင်းမော်မြို့အမှတ်(၁) အထက်တန်းကျောင်းမှ ကျောင်းသားများဖြစ်ပြီး ကျောင်းထွက်လက်မှတ်မရရှိသောကြောင့် နောင်ချိန်းကျောင်း၌ လက်မခံဘဲ ကျောင်းမတက်နိုင်သည့် ကျောင်းသားများဖြစ်သည်။


စာသင်ခန်းမလုံလောက်ခြင်းနှင့် ကျောင်းပြောင်းလက်မှတ် မရရှိသောကြောင့် နောင်းချိန်းကျေးရွာတွင် ကျောင်းအပ်လက်မခံဘဲ ကျောင်းမတက်နိုင်သည့် စစ်ရှောင်ကျောင်းသားများမှာ ခန့်မှန်းခြေအားဖြင့် ၄၀၀ နီးပါး ရှိနိုင်ကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page