နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးတင်းမာမှုကြောင့် လမ်းကြောပိတ်ကာ စာမေးပွဲဖြေဆိုေနသော ကျောင်းသားများ ပြန်လမ်းမရှိဖြစ်နေ
- Pajau Media

- Mar 14, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုနေသည့် ဆွမ်ပရာဘွမ်မြို့နယ်မှ ကျောင်းသားများသည် ဆွမ်ပရာဘွမ်ဒေသအတွင်း နှစ်ဖက်စစ်တပ်များ၏ စစ်ရေးတင်းမာမှုများကြောင့် လမ်းကြောပိတ်ကာ အပြန်ခရီး ခက်ခဲမှုများ ရှိနေသည်ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။
“စာမေးပွဲက ဒီတပတ်ထဲမှာပြီးမယ် ဒါပေမယ့် ပြန်လို့မရတော့ဘူး။ ဆွမ်ဘရာဘွမ်မြို့ထဲက လူတွေက အကုန်စစ်ပြေးရှောင်နေကြပြီ။ အခုတော့ ကျွန်တော်တို့ ဟိုခိုအမကကျောင်းထဲမှာနေကြတယ်။ စာမေးပွဲပြီးရင် ကလေးတွေကို ဘယ်ကိုပို့ရမလဲ မသိတော့ဘူး" ဟု ဆွမ်ဘရာဘွမ်မြို့မှ ကျောင်းဆရာတစ်ဦးမှ ပြောသည်။
ဆရာ၊ ဆရာများနှင့် ကျောင်းသားများ စုစုပေါင်း ၁၄ဦးတို့သည် ပြီးခဲ့သည့် အပတ်ကတည်းက ပူတာအိုမြို့ရှိ ဟိုခိုအမကကျောင်းသို့ စာမေးပွဲဖြေဆိုရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကျောင်းဆရာက ကျောင်းသားများ စာမေးပွဲဖြေဆိုပြီးသော်လည်း ဆွမ်ပရာဘွမ်ဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာကာ ရွာအတွင်း မည်သူမျှ မနေထိုင်တော့ကြောင်းနှင့် ကျောင်းသားများ၏ မိသားစုဝင်အချို့လည်း စစ်ရှောင်ထွက်ပြေးသူများ ရှိသည်ဟု ပြောသည်။
ထို့ကြောင့် ကျောင်းသား/သူများနှင့် ဆရာ/မများ စုစုပေါင်း အယောက်၂၀ကျော်များမှာ စာမေးပွဲဖြေဆိုပြီးသော်လည်း လမ်းကြောပိတ်ကာ လမ်းခရီးခက်ခဲသောကြောင့် ပြန်လမ်းမရှိ စိုးရိမ်ပူပန်နေရသည်ဟု ဆိုသည်။
"ဆွမ်ဘရာဘွမ်မြို့နယ်မှာ တက်တဲ့ဆယ်တန်းကလေးတွေ ပူတာအိုမြို့ကို စာမေးပွဲလာဖြေရတာ ခုဆိုရင် ၂နှစ်ရှိပြီ၊ ဒီနှစ်ကျတော့ စနစ်သစ်ရဲ့ Grade (12) ကလေးတွေ ပထမဦးဆုံးအသုတ်လာဖြေရတာပေါ့၊ စုစုပေါင်း (၁၄)ယောက်ရှိတယ်၊ ဆရာမတွေလေးယောက်ရယ်၊ ထမင်းချက်ပေးတဲ့သူတွေရယ်၊ Guideဆရာရယ်၊ အကုန်ပေါင်းရင် အယောက်နှစ်ဆယ်ကျော်ရှိတယ်။” ဟု အထက်ပါ ကျောင်းဆရာက ထပ်ပြောသည်။
ဆွမ်ပရာဘွမ်မှ စာမေးပွဲ လာရောက်ဖြေဆိုသော ကျောင်းသားများမှာ လက်ရှိ ဟိုခိုအမကကျောင်းအတွင်း နေထိုင်နေကြသော်လည်း စာမေးပွဲဖြေဆိုပြီးချိန်တွင် နေရာထိုင်ခင်း အခက်အခဲနှင့် ရိက္ခာသွားယူရန်လည်း လမ်းကြောပိတ်ဆို့ထားသောကြောင့် ခက်ခဲလာနိုင်ကြောင်း ထပ်မံပြောဆိုထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ ၁၁ရက်နေ့မှ စတင် ဖြေဆိုနေကြပြီး လာမည့် မတ်လ ၁၉ရက်နေ့တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ဆွမ်ဘရာဘွမ်ဒေသအတွင်းရှိ ဒေသခံများမှာ မတ်လ ၈ရက်နေ့မှစပြီး နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးအခြေအနေ တင်းမာကာ လှုပ်ရှားလာသောကြောင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်း ရှောင်တိမ်းနေကြပြီး နှစ်ဖက်စစ်တပ်၏ စစ်ရေးအခြေအနေများလည်း တင်းမာနေဆဲ ဖြစ်သည်။
သတင်း- မလိခူး




Comments