top of page

ပူတာအိုဒေသခံများကို သတိနှင့် သွားလာနေထိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များ သတိပေးထား

  • Writer: Pajau Media
    Pajau Media
  • Mar 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ် မဟာ(၁) နယ်မြေဖြစ်သည့် ပူတာအိုဒေသအတွင်း မတ်လ၈ရက်နေ့ ညနေပိုင်းမှစပြီး KIA ၏ စခန်းသိမ်းတိုက်ပွဲများ စတင်လုပ်ဆောင်လာပြီ ဖြစ်သောကြောင့် ပြည်သူများလုံခြုံရေးအတွက် သတိနှင့် သွားလာနေထိုင်ရန် သက်ဆိုင်သူများ သတိပေး ပြောဆိုထားသည်ဟု ယင်းဒေသရှိ ပြည်သူများ ပြောပြချက်အရ သိရသည်။


“အခု တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့တဲ့ နေရာတွေက ပြည်သူတွေနေတဲ့ ဒေသနဲ့ အရမ်းနီးစပ်တဲ့ အနေအထားတော့ မဟုတ်ဘူး။ ပူတာအိုဒေသဘက် ဆက်လက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနိုင်ချေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝိရိယနဲ့ နေသင့်ပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


ပူတာအိုဒေသတွင် ယမန်နေ့ မတ်လ၈ရက်နေ့ ညနေ ၂နာရီအချိန်ခန့်မှစပြီး KIA ၏ စခန်းသိမ်းတိုက်ပွဲများ စတင်လုပ်ဆောင်လာပြီး၊ ဆွမ်ပရာဘွမ့်နှင့် မလိယာန်ကျေးရွာအကြားရှိ စစ်တပ်စခန်းကို ည၁၁နာရီအချိန်မှာ အပြီးသတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြေသည်။


စစ်တပ်စခန်း၏ ခ.လ.ရ (၄၆)တပ်ရင်းဖြစ်သည့် ထောက်ပို့စခန်းကြီးနှင့် စခန်းငယ်များ (၃) နေရာကို ယမန်နေ့ညနေ ၂နာရီအချိန်ခန့်ကစပြီး KIA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည၈နာရီအချိန်တွင် စစ်တပ်စခန်းမှ စစ်သားများအားလုံး ထွက်ပြေးတိမ်းရှောင်သွားကြပြီး၊ စစ်လက်နက် ပစ္စည်းများကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။


မလိယာန် ကျေးရွာအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ဆွမ်ပီယာန်ကျေးရွာတွင် အခြေစိုက်နေထိုင်သည့် တပ်စခန်းမှ ညနေ၄နာရီတွင်တစ်ကြိမ်၊ ည၈နာရီအချိန်တွင် တစ်ကြိမ် ကျေးရွာပတ်ပတ်လည်အတွင်း လက်နက်ကြီးငယ်များနှင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ဆိုသည်။


ဆွမ်ပီယာန် ဒေသခံတစ်ဦးက “အခုက နေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားနေပြီ ဖြစ်တဲ့အတွက် တစ်ခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်ဖို့ဆိုတာ မလွယ်တော့ဘူး။ ကိုယ်နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ၊ စားသောက်ကုန်တွေကိုသာ အမြဲတမ်း အဆင်သင့်ဖြစ်အောင် ဆောင်ထားပြီး နေထိုင်နေကြပါတယ်။” ဟု ပြောသည်။


ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ မတ်လ (၇)ရက်နေ့ နံနက်ပိုင်းမှ စတင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲသည် KIA ဌာနချုပ်အနီးဝန်းကျင်၊ မြစ်ကြီးနာ-ဗန်းမော်ကားလမ်းတစ်လျှောက်နှင့် မိုးမောက်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအချိန် ၂ရက်တာအတွင်း စစ်တပ်စခန်း ၁၀ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


ထို့အပြင် ပူတာအိုဒေသအတွင်းမှာလည်း တိုက်ပွဲများ စတင်လုပ်ရှားလာပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတင်း နားစွန့်ကာ သတိနှင့် နေထိုင်သွားလာရန် တာဝန်ရှိသူများ ပြောဆိုသတိ‌ေပးထားခဲ့ကြောင်း ပူတာအိုဒေသခံများက ပြောသည်။


သတင်း - ဟူးကောင်းသူ

Comments


Pajau Media

Thanks for subscribing!

bottom of page