top of page

ပူတာအိုဒေသမှ ကျောင်းသားများသည် ယခုနှစ်အတွက် ပညာသင်ကြားနိုင်ရန် အလားအလာ မရှိဟုဆို

  • Writer: Pajau Media
    Pajau Media
  • May 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊မေလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်ရှိ ပူတာအိုဒေသတွင် မြို့တွင်းရှိ ကျောင်းသားများမှာ ကျောင်းအပ်စတင် လက်ခံနေသော်လည်း အခြားသော ကျေးလက်ဒေသများတွင် ကျောင်းအပ်နှံသူမရှိသည့်အပြင် ကျောင်းတက်နိုင်မည့် အလားအလာပင် မရှိကြောင်း ဒေသခံများက ပြောသည်။


“ကျောင်းလာအပ်တဲ့ ကလေးတွေလည်း မြို့ထဲက အနည်းကျဉ်းလောက်ပဲ ရှိသေးတယ်။ နယ်ဘက်က ကလေးတွေ လာအပ်တာမရှိသေးဘူး။ အဲ့ဒါကြောင့် ကျောင်းကဘယ်နေ့ကနေ စဖွင့်မယ်ဆိုတာတောင် မပြောနိုင်သေးဘူး" ဟု ပူတာအိုမြို့မမှ ဒေသခံကျောင်းဆရာတစ်ဦးက ပြောသည်။


ပူတာအိုဒေသတွင် လက်ရှိဖြစ်ပွားနေသော အခြေခံစားသောက်ကုန် ပြတ်လတ်သည့် အခြေအနေများအပြင် ကျောင်းဖွင့်ရက်တွင် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများ၊ စာရေးကိရိယာများမှအစ စာသင်ကြားပေးမည့် ကျောင်းဆရာ/ဆရာမများ မရှိသည့် အခက်အခဲများလည်း ရှိနေသည်ဟု ဆိုသည်။


"ဒီနှစ်ထဲမှာတော့ ပူတာအိုမှာ‌ ကျောင်းသား‌တွေအတွက် အရင်ကိုဗစ်(၁၉) အခြေအနေမျိုးထက် ပိုဆိုးနေပြီ၊ ကျောင်းသုံးပစ္စည်း၊ စာအုပ်၊ စာရေးကိရိယာတွေ အရင်လိုတော့ ရနိုင်မယ်မထင်ဘူး၊ ကျောင်းဆရာ/မတွေလည်း အခုထိမလာနိုင်ကြသေးဘူး၊ ဒေသအခြေအနေက တော်တော်ဆိုးနေတော့ သူတို့အတွက်လည်း အရမ်းခက်ခဲသွားပြီလေ” ဟု အထက်ပါ ဒေသခံဆရာက ထပ်ပြောသည်။


၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပူတာအိုဒေသတွင် ပြီးခဲ့သည့် မေလ ၂၁ရက်နေ့မှစတင်ကာ အခြေခံပညာရေးကျောင်းသားများ ကျောင်းအပ်စတင် လက်ခံခဲ့ပြီး၊ ယနေ့အချိန်အထိ မြို့တွင်းမှ ကျောင်းသား အနည်းစုသာ လာရောက်အပ်နှံကြသည်ဟု ဆိုသည်။


လက်ရှိမှာတော့ ပူတာအိုဒေသတွင် လုံခြုံရေးကြောင့် ကားလမ်းပိတ်ထားသည်မှာ သုံးလနီးပါး ကြာမြင့်လာသည်အထိ နှစ်ဖက်တပ်ဖွဲ့များ၏ စစ်ရေးတင်းမာမှုများလည်း ဆက်လက်ပြင်းထန်နေကြကာ အထူးသတိထားနေရဆဲ ဖြစ်ပြီး၊ ဒေသခံများ၏ စားဝတ်နေရေး အလွန်ကြပ်တည်းခြင်း၊ စားသောက်ကုန်ပစ္စည်းများ ရှားပါးခြင်း၊ ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်း၊ သွားလာရေး ခက်ခဲခြင်းနှင့် အဆောင်နေရာအများစု ပိတ်ထားခြင်း စသည့် အခက်အခဲ များစွာ ကြုံတွေ့နေရကြောင်း သိရသည်။


ပူတာအို ကျေးလက်ဒေသမှ ကျောင်းသားများသည် နှစ်စဉ် မြို့တွင်းသို့ တက်ရောက်ကာ ပညာသင်ကြားရပြီး၊ ယခုနှစ်မှာတော့ လက်ရှိဖြစ်ပွားနေသည့် အခြေအနေ အမျိုးမျိုးကြောင့် မတက်ရောက်နိုင်ကြခြင်း ဖြစ်နိုင်သည်ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးမှ ပြောသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page