top of page

ပူတာအို-မြစ်ကြီးနား လေယာဉ်လက်မှတ်တန်ဖိုး တစ်ပတ်အတွင်း တဟုန်ထိုး မြင့်တက်

  • Writer: Pajau Media
    Pajau Media
  • Mar 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



မြစ်ကြီးနား-ပူတာအို လေကြောင်းလိုင်းခရီးစဉ်မှ လေယာဉ်လက်မှတ်ဈေးနှုန်းသည် ယမန်နေ့ မတ်လ၄ရက်နေ့မှစ၍ ယခင်ဈေးနှုန်းထက် (၈၀,၀၀၀)ကျပ်အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်ဟု ခရီးသွားဒေသခံများ ပြောပြချက်အရ သိရသည်။


"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်အထိက လေယာဉ်လက်မှတ်တစ်စောင်ကို (၁၆၀,၀၀၀ကျပ်) နဲ့ရတယ် ဒီနေ့ မတ်လ ၄ရက်‌ေန့ကနေစပြီး လေယာဉ်လက်မှတ်တစ်စောင်ကို (၂၄၀,၀၀၀ကျပ်) အထိဖြစ်သွားပြီ"ဟု ပူတာအိုဒေသခံတစ်ဦးက ဆိုသည်။


၂၀၂၁ နိုင်ငံရေးအပြောင်းအလဲ မတိုင်ခင်က လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သိန်းအောက်အထိသာ ရှိခဲ့သော်လည်း ၂၀၂၁တိုင်းပြည်နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာပြီးနောက် လေယာဉ်လက်မှတ်တန်ဖိုး အဆမတန်မြင့်တက်လာခဲ့သည်ဟု ဆိုကြသည်။



မြစ်ကြီးနား-ပူတာအို လေကြောင်းလိုင်းခရီးစဉ်တွင် ယမန်နှစ် ၂၀၂၃ခုနှစ်မှစ၍ မြန်မာအမျိုးသားလေကြောင်းလိုင်း တစ်ခုသာ ပြေးဆွဲနေသည်ဖြစ်ရာ တစ်ပတ်လျှင် တစ်ကြောင်းသာ ပြေးဆွဲနေသောကြောင့် လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲမှုတွေ ရှိနေသည်ဟု ဆိုသည်။


“ပြီးခဲ့တဲ့ စနေနေ့ မတ်လ၂ရက်နေ့က ပူတာအို-မြစ်ကြီးနားလေကြောင်းလိုင်းလည်း Cancel ဖြစ်သွားတယ်၊ ဒီနှစ်ထဲမှာ ပူတာအို-မြစ်ကြီးနားလေကြောင်း ပြေးဆွဲတာတစ်ပတ်ကို တစ်ကြောင်းပဲရှိတဲ့ အခါကျတော့ လေယာဉ်လက်မှတ်တွေ တအားကြပ်သွားတယ်၊ တစ်လလောက်ကနေ ကြိုတင်ပြီး လေယာဉ်လက်မှတ်တွေ ကြိုဝယ်ထားမှ ရတာ” ဟု ခရီးသွားတစ်ဦးက ပြောသည်။


ယခင်က လေကြောင်းလိုင်း တစ်ပတ်လျှင် သုံးကြောင်းအနည်းဆုံးရှိခဲ့ရာမှ ယခုအချိန်တွင် တစ်ကြောင်းသာရှိနေသည့်အပြင် ၎င်းမြန်မာအမျိုးသားလေကြောင်းလိုင်းသည်လည်း ပုံမှန်မပြေးဆွဲနိုင်သည့် အခြေနေရှိလာသည်ဟု ဆိုကြသည်။


မြစ်ကြီးနား-ပူတာအိုသွား လမ်းကြောင်းသည် လေကြောင်းလိုင်းနှင့် ကားလမ်းနှစ်ကြောင်းသာ ရှိပြီး နိုင်ငံရေး မငြိမ်မသက်ဖြစ်လာသည့်နောက်ပိုင်း ကားလမ်းဖြင့် သွားသည့် ခရီးသည်များလည်း လျော့နည်းလာခဲ့ကြောင်း သိရသည်။


သတင်း- မလိခူး

Comments


Pajau Media

Thanks for subscribing!

bottom of page