top of page

ဖားကန့်ဒေသ လတ်တလောတွင် တိုက်ပွဲပြင်းထန်‌နေပြီး၊ လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Feb 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။



လတ်တလော ဖားကန့်ဒေသဘက် စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး၊ နေ့စဉ်တိုက်ပွဲပြင်းထန်နေသည့်အပြင် ယနေ့ဖေဖော်ဝါရီ ၄ ရက်နေ့အချိန်အထိ လေယာဉ်ဗုံး ပစ်ခတ်တိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


ပြီးခဲ့သည့် ဇန္နဝါရီ ၃၀ ရက်နေ့ကတည်းက မရှီကထောင် ဆုတောင်းတောင်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်ကာ တိုက်ခိုက်လာသောကြောင့် KIA တပ်ဖွဲ့နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ကာ စစ်တပ်က ယနေ့အထိလည်း လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


စစ်ကောင်စီများက အင်အားဖြင့် စစ်ကြောင်းထိုးနေသောကြောင့် လတ်တလော ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်နေသလို ယနေ့မွန်းလွှဲ ၁ နာရီ ၄၅ မိနစ်ချိန်တွင်လည်း KING KTV ပေါ် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်း ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး KG ကျောင်းဆောင် ထိခိုက်ပျက်စီးကာ အသက်(၁၀)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့ပင် မရှီကထောင်ရပ်ကွက်မှ အရပ်သားပြည်သူတစ်ဦးလည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခြေထောက်နှစ်ဖက် ထိခိုက်ခဲ့သည်။


အလားတူ ၃ ရက်နေ့တွင်လည်း ဆိုင်းတောင်အထက်ပိုင်းသို့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး၊ ထိုသေဆုံးသူများထဲတွင် အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ကာ၊ အခြားပြည်သူ (၁၄)ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page