ဖားကန့်-မော်မောင်းဘွမ်ကျေးရွာတွင် လေကြောင်းရန်ကြောင့် နေအိမ်၅လုံးထက်မနည်း ထိခိုက်ပျက်စီး
- Pajau Media

- 17 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာ ကွက်သစ်နေရာတွင် စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖားကန့်ဒေသခံများ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာအုပ်စု မော်မောင်းဘွမ်ကျေးရွာတွင်သာမက ဖားကန့်တစ်ခြားကျေးရွှာတွင်လည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် Y-12နှင့် ဂျက်ဖိုက်တာ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဖားကန့်ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီက အများပြည်သူများနေထိုင်သည့် ရပ်ကွက်ကျေးရွှာများတွင် ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များက လက်ရှိချိန် စစ်ရေးပြန်လည်ဖြစ်ပွားနေသည့် ဝိုင်းမော်မြို့နယ်အပြင် KIAထိန်းချုပ်နယ်မြေများထိ ယခုရက်ပိုင်း ညတိုင်းဆိုသလို ဒရုန်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံသောနေရာများတွင် ရှောင်တိမ်နေထိုင်ကြရန်နှင့် လေကြောင်းရန်ကို သတိထားသွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။
သတင်း-ဖရိန်း










Comments