top of page

ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းရှိ ကလေးသူငယ်များအကြား ကူးစက်ရောဂါတစ်မျိုးပြန့်နှံ့လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 14
  • 1 min read

ပါဂျောင်မီဒီယာ။

၁၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးတွင် တည်ရှိသော ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ကလေးငယ်များ အကျောနာသည့်ပုံစံမျိုးဖြင့် ဖျားနာသူများပြားနေသည့်အပြင် ကူးစက်ရောဂါကဲ့သို့ ကလေးငယ်တိုင်း ကူးစက်ဖျားနာနေကြောင်း စစ်ရှောင်များပြောပြချက်အရ သိရသည်။


“စစ်ရှောင်မှာက အခုချိန် ကလေးငယ်တွေတိုင်းမှာ ဖျားနာတာတွေ အများကြီးဖြစ်နေတယ်။ ခေါင်းတို့ ကိုယ်တို့ ကြိုက်သလိုလှုပ်ရှားမရ၊ လှည့်လည်လို့မရတဲ့ ပုံစံ၊ အကျောနာတဲ့ပုံစံလို၊ အုံးလွဲဖြစ်တဲ့ပုံစံလို ဖျားနာနေကြတာက လတ်တလော ကူးစက်ရောဂါလို အားလုံးဖြစ်ပွားနေကြတယ်။ ကျနော်တို့ စစ်ရှောင်မှာ။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးပစ္စည်းနဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေအတွက် အစာအာဟာရတွေ လိုအပ်နေပါတယ်” ဟု ဖုန်ငိုင်ယာန်စစ်ရှောင်တစ်ဦးက ပြောသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ကလေးငယ်မှအစ လူငယ်များအထိပါ အဆိုပါ အကျောနာဖျားနာမှု ပြန့်ပွားကာ စစ်ရှောင်စခန်းတစ်ခုလုံး ဖြစ်ပွားနေကြသောကြောင့် ဆေးဝါးအကူအညီ လိုအပ်ချက်များ၊ စစ်ဆေးကုသမှုများ အရေးတကြီးလိုအပ်နေသည်ဟု ဆိုသည်။


တစ်ဖက်မှာလည်း စစ်ရှောင်စခန်းအတွင်း ချောင်းရေခမ်းခြောက်လာခြင်းကြောင့် သောက်သုံးရေ ခက်ခဲလာပြီး၊ စစ်ရှောင်ကာလ ကြာမြင့်လာသည့်အလျောက် အမိုးအကာများ၊ ပလပ်စတစ်များနှင့် တဲအိမ်များ၊ အိမ်တိုင်ဝါးလုံးများ ယိုယွင်းပျက်စီးလာကာ နေရာအထိုင်အခင်းပါ ပျောက်လုနီးနီး ဖြစ်လာသည်ဟု ဆိုသည်။


“ခုကအချိန်ကြာလာလို့ ကျွန်တော်တို့နေတဲ့ တဲလည်းပျက်စီးလာပြီ၊ ဆွေးလာပြီ။ ဝါးတွေ မိုးကာတွေ ပျက်စီးလာတဲ့ အခြေအနေဟုတ်တယ်၊ သောက်ရေက ကျွန်တော်တို့ စစ်ရှောင်နေတဲ့ ဒီနားတဝိုက်က ရေတွေလည်း ခမ်းသွားတဲ့ အခြေအနေဟုတ်တယ်၊ ကျွန်တောတို့ဆောက်ထားတဲ့ တဲတွေလည်း ဝါးနဲ့ဆိုတော့ ဆွေးသွားတဲ့ အခြေအနေဟုတ်တယ်” ဟု သည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ဆွမ်ပီယာန်၊အင်စီယာန်နှင့် ဝဒတ်ကျေးရွာမှ ဒေသခံ တစ်ထောင်ကျော် နေထိုင်ကြပြီး၊ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလ၁၁ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်ကြောင်း သိရသည်။


လူဦးရေ တစ်ထောင်ကျော်စုပေါင်းနေထိုင်သည့် စစ်ရှောင်စခန်းများတွင် ကူးစက်ရောဂါကဲ့သို့ ပြန့်ပွားဖျားနာမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ဝိုင်းမော်-လဘန်ကထောင်စစ်ရှောင်စခန်းတွင်လည်း အရေပြားပွေးယားနာရောဂါ ကူးစက်ဖျားနာမှုများ ၅လကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


သတင်း - CJ


Comments


Pajau Media

Thanks for subscribing!

bottom of page