top of page

ဖုန်ငိုင်ယန် စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် ကာကွယ်ဆေးနှင့် ဆေးဝါးအပြည့်အစုံ မရှိသောကြောင့် အခက်အခဲကြုံနေ

  • Writer: Pajau Media
    Pajau Media
  • May 17
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးရှိ ဖုန်ငိုင်ယန် စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် ကာကွယ်ဆေးနှင့် ဆေးဝါးအပြည့်အစုံ မရှိသောကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။


“အရင်ကလည်း မွှေးဖူးပါတယ်၊ ဒါပေမဲ့ အဲမှာ က ဆေးဝါး မစုံတာရယ်၊ ကျွမ်းကျင်ဆရာမ မရှိတာရယ် နဲ့ မြစ်ကြီးနားဘက်ဆင်းလာတာ၊ ကလေးမွေးမယ်ဆိုရင် မြစ်ကြီးနား ဘက်ပဲ သွားမွေးရတယ်” ဟု ကလေး‌‌မွှေးရန် မြစ်ကြီးနားဆင်းလာသည့် မိခင်တစ်ဦးက ပြောသည်။


ကျွမ်းကျင်ဆရာမ မရှိခြင်းနှင့် ဆေးဝါးအပြည့်အစုံ မရှိခြင်းတို့ကြောင့် ကလေးမွှေးမည်ဆိုပါက မြစ်ကြီးနားဆင်း၍သာ မွှေးခဲ့ရကြောင်းနှင့် ပူတာအိုဘက် သွားရောက်မွေးယူရန်လည်း ဆွမ်ပီယန်အထက်မှစပြီး စစ်ကောင်စီဂိတ်များ ရှိနေခြင်းကြောင့် စိုးရိမ်ရသည့်အပြင် ဆွမ်ပီယန်ကျေးရွာ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို အရေးယူမည်ဟု စစ်ကောင်စီက ချိန်းခြောက်ပြောဆိုထားမှုလည်း ရှိနေသည်ဟု ဆိုသည်။


“ကျွန်တော်တို့(ဆွမ်ပီယန်ရွာမှတ်ပုံတင်)က အဲဘက်တက်လို့မရဘူး၊ ကိုဗစ်ကာလတုန်းကလို ဧည့် လက်မခံရဘူးတဲ့၊ ဆွမ်ပီယန်ကလူတွေ တွေ့ရင်ဆက်သွယ်ဖို့နဲ့ လာရင်ဧည့်လက်မခံရဘူးလို့ စစ်ကောင်စီက ပြောထားတယ်တဲ့။” ဟု ဆွမ်ပီယန်ရွာသားတစ်ဦး ပြောပြသည်။


ထို့ကြောင့် မွေးကင်းစ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးထိုးမည်ဆိုပါက မြစ်ကြီးနားကိုသာ သွားရောက်ရပြီး၊ ငွေကြေးအခက်အခဲရှိသူများ ခက်ခဲသည့်အပြင် ဖုန်းလိုင်းနှင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် ကာကွယ်ဆေးထိုးရန် ရက်ချိန်းကျော်မှ ရောက်ရှိသူများလည်း ရှိသည်ဟု ဆိုသည်။


ထို့အပြင် ပြီးခဲ့သည့် ဧပြီလအတွင်း ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းမှ မွေးကင်းစကလေးငယ်တစ်ဦး ကျန်းမာရေးကြောင့် သေဆုံးခဲ့ရသေးသည်။


သတင်း - ဇော်

Comments


Pajau Media

Thanks for subscribing!

bottom of page