ဗန်းမော်နှင့် ဝိုင်းမော် စစ်မျက်နာဘက် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှု ပုံမှန်ရှိနေ
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊မတ်လ၊၂၀၂၆။

KIAအမှတ်(၃)တပ်မဟာ၊ ဗန်းမော်စစ်မျက်နာနှင့် KIAအမှတ်(၅)တပ်မဟာ ဝိုင်းမော်စစ်မျက်နာတို့တွင် စစ်ကော်မရှင်တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပုံမှန်ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဗန်းမော်စစ်မျက်နာတွင် အမှတ်(၁) အထက်တန်း ကျောင်းနှင့် ကန်ဦးဘုန်းကြီးကျောင်း၌ နေရာယူတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့များက KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် ဆင်ကုန်း၊ ဗဟာဒီးရပ်ကွက်သို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကို မတ်လဆန်းကတည်းက လုပ်ဆောင်နေကြောင်းနှင့် နမ့်ဖား၊ တာမိုင်းလုံ၊ တက္ကသိုလ်ကျောင်းဝင်း အနီးဝန်းကျင်ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့များမှာ KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် ဟန်တဲရပ်ကွက်တွင်လည်း စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ထို့အပြင် ဗန်းမော် ၃မိုင်ဘက်တွင်လည်း ခလရ ၂၃၆၊ စကခ ၂၁ တပ်စခန်းများမှ ၁၂၀မမ၊ ၈၁မမ၊ ၆၀မမ ဟု ယူဆရသည့် လက်နက်ကြီးများဖြင့် ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုသည်။
အလားတူ KIAအမှတ်(၅)တပ်မဟာ၊ အမှတ်(၃)တပ်ရင်းဒေသ ဝိုင်းမော်စစ်မျက်နာ မိုင်းနား မှန်ပြတောင်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့မှ KIAများရှိသည့် ဝက်တောင်ဝန်းကျင်နှင့် အင်မြန်းတောင်တစ်လျှောက်ဘက်ကို ၁၂၀မမ၊ ၈၁မမ များဖြင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းကို မတ်လဆန်းကတည်းက ပုံမှန်ပစ်ခတ်နေကြောင်း သိရသည်။
လက်ရှိ ဗန်းမော်စစ်မျက်နာနှင့် ဝိုင်းမော်စစ်မျက်နာတို့တွင် စစ်ကော်မရှင်နှင့် KIAပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်အပြန်အလှန် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments