top of page

ဗလမင်းထင်တံတားအောက် ရေကြီးရေလျှံ ကာကွယ်မှု ခေါင်းစဉ်အောက်မှ ရွှေတူးဖော်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Feb 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားကြီးအောက်တွင် ရေကြီးရေလျှံမှုကာကွယ်ရန်ဟူသည့် ခေါင်းစဥ်အောက်မှ ရွှေအများအပြား တူးဖော်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။


လက်ရှိတွင် ဗလမင်းထင်တံတားအောက် ဘတ်ဟိုးများနှင့် တူးနေပြီး မြေသား၊သဲကျောက်များကို တုံဖုံးကားများဖြင့်အပြင် မြေစာသယ်သည့် ကားကြီးများနှင့် သယ်ယူနေကြသည်ဟု ဆိုသည်။


“ကျွန်မတို့က ဆိုင်ဖွင့်ထားတော့ နေ့တိုင်းသဲကျောက်ကားအကြီးတွေ ဖြတ်သန်းနေတာ တွေ့နေတာပဲ။ ကားတစ်စီးသွားရင်ကို ဖုန်တွေအရမ်းထတယ်။ ကားအစီးရေ အများကြီးဖြတ်သန်းတော့ ပိုဆိုးတာတော့။ ဆိုင်ခန်းတွေဆို နေ့တိုင်းဖုန်တွေကြီးပဲ။ ကြာလာတော့ အဆင်မပြေလာဘူး။” ဟု အထည်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးက ပြောသည်။


သယ်လာသည့် သဲကျောက်များကို လွှတ်တော်ဘေးနားရှိ ခြံအလွတ်တစ်နေရာ၊ စီတာပူဂျပန်တံတားနားမှ မြေအလွတ်နေရာများတွင် စုပုံထားကြောင်း သိရသည်။


အဆိုပါ ဗလမင်းထင်တံတားအောက်တွင် ယခင်နှစ်များကတည်းက ရွှေအလွန်အကျွံ တူးဖော်နေကြခြင်းဖြစ်ပြီး၊ လက်ရှိမှာတော့ ရေကြီးရေလျှံမှုမှ ကာကွယ်ရန်ဟူသည့် ခေါင်းစဉ်အောက်ဖြင့် ပေါ်ပေါ်ထင်ထင် ပိုမိုတူးဖော်နေကြသည်ဟု ဒေသခံများက ပြောသည်။


ယခင်နှစ်က ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ခေတ္တရပ်နားထားသည့် ဗလမင်းထင်တံတားအောက် ရွှေတူးဖော်မှုမှာ နှစ်ဆန်းမှစ၍ ရေကြီးရေလျှံမှု ကာကွယ်ရန်ဟူသည့် ခေါင်းစဉ်ဖြင့် သဲကျောက်သယ်ယူခြင်း၊ ထုတ်ခြင်းများအပြင် ရွှေတူးဖော်မှုပါ တစ်ဖန်ပြန်လည် အပြင်းအထန် လုပ်ဆောင်နေကြပြီဟု ဒေသခံများက ပြောပြသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page