မြစ်ကြီးနား-ခေမာသီရိရပ်ကွက်တွင် ကားတစ်စီး အခိုးခံခဲ့ရ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ဇန္နဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့တွင် သူခိုးဓားပြမှု များပြားနေပြီး ယမန်နေ့ ဇန္နဝါရီ ၂၉ ရက်နေ့တွင်လည်း ခေမာသီရိရပ်ကွက်တွင် ပစ္စည်းဝင်ယူချိန် ကားတစ်စီးအခိုးခံခဲ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦး ပြောပြချက်အရ သိရသည်။
“သူက ပစ္စည်းလာဝယ်ရင်းဖြစ်သွားတာ၊ သူကလည်း ခဏလေးဆိုပြီး ကားကိုတံခါးသော့ ပိတ်ထားတယ်၊ သော့တော့တန်းလန်း ထားထားတာ နေမှာပေါ့၊ အဲ့တာကို သူခိုးကဝင်ပြီး မောင်းသွားတာ၊ သူခိုးကစောင့်နေတာ ထင်တယ်။ လိုက်တော့ လိုက်တယ် မမိလိုက်ဘူး။” ဟု မျက်မြင်တွေ့သူက ပြောပြသည်။
ခေမာသီရိ လမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခိုးခံရသည့် ကားမှာ Honda fit အမဲရောင်တစ်စီးဖြစ်ကာ ဆိုင်အတွင်း ပစ္စည်းခဏဝင်ယူရင်း ဖြစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ညတွင်လည်း တပ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ထားရှိသည့် ဘက်ထရီဆိုင်ကယ် အခိုးခံလိုက်ရကြောင်း သိရသည်။
“ခြံကလည်းခတ်ထားတယ်၊ အိမ်တံခါးလည်း ခတ်ထားတာကို အိမ်ထဲဝင်ပြီးယူသွားတာ။ အိမ်အထဲမှာထားတဲ့ ခြံသော့တွေ၊ ဆိုင်ကယ်သော့တွေ ယူပြီး ခိုးသွားတာ။” ဟု ဆိုင်ကယ် အခိုးခံလိုက်ရသူနှင့် နီးစပ်သူက ပြောပြသည်။
ဆိုင်ကယ်ကို အိမ်အထဲတွင်ထည့်ထားသော်လည်း သူခိုးသည် အိမ်ထဲထိဝင်ကာ ခိုးသွားပြီး၊ ယခုလို သူခိုးဓားပြပေါများခြင်းမှာ လောင်းကစားဝိုင်းများ ပေါများခြင်းကြောင့် ဖြစ်သည်ဟူ သူကဆက်ပြောသည်။
“ခိုးတဲ့လူက ဘယ်မှာဘာထားတယ် အကုန်သိတဲ့အတိုင်းဘဲ၊ အိမ်ထဲဝင်ပြီး လူကို ဘားမှ မလုပ်လိုက်တာတောင် တော်သေးတယ်၊ ဒီလို သူခိုးတွေပေါတာက ဟို လောင်းကစားဝိုင်းတွေပေါလို့နေမှာ။” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် နေအိမ်အတွင်းထိ ဝင်ရောက်ကာ ပစ္စည်းခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်လာပြီး မြို့တွင်း လောင်းကစားဝိုင်းများ များပြားလာခြင်းကြောင့်လည်း သူခိုးဓားပြ ပေါများလာခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောဆိုနေကြသည်။
သတင်း - ဇော်




Comments