top of page

မြစ်ကြီးနား-မန္တလေးသွား ကွင်းလမ်းများ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် လမ်းပျက်စီးကာ မြစ်ကြီးနားမြို့တွင်ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တက်လာ

  • Writer: Pajau Media
    Pajau Media
  • May 29
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊မေလ၊၂၀၂၅။




မြစ်ကြီးနား-မန္တလေးသွားကားလမ်းကို ကွင်းလမ်းများ အသုံးပြုကာသွားလာနေရသော်လည်း မိုးတွင်းကာလ လမ်းခရီးကြမ်းတမ်းသောကြောင့် ကချင်ပြည်နယ်တွင် စားသောက်ကုန်အချို့ ပြတ်လပ်လာပြီး ကုန်စျေးနှုန်းမြင့်တက်နေကြောင်း မြစ်ကြီးနားဒေသခံများ ပြောပြချက်အရသိရသည်။


“နိုင်ငံရေးမကောင်းတဲ့နောက်ပိုင်း မြစ်ကြီးနား-မန္တလေးသွားကားလမ်းကို အများအားဖြင့် ကွင်းလမ်းကိုအသုံးပြုပြီး သွားလာနေရပေမဲ့ မိုးရာသီရောက်ရင်တော့ သွားလာရတာ ပိုခက်တယ်။ တခါတလေ လမ်းကြောတွေ ပိတ်နေတဲ့ချိန်‌တွေဆို ကုန်ပစ္စည်းတွေ ပြတ်လတ်တာတွေနဲ့ စျေးနှုန်းမြင့်တက်တာတွေ ဒီမိုးတွင်းချိန်ဆိုဖြစ်တတ်တယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။


ကချင်ပြည်အတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မန္တလေး-မြစ်ကြီးနားကားလမ်းမှ ပေကြီးနှင့်စပယ်နှံ့သာကွင်းလမ်းတွင် မိုးရွာသွန်းထားသောကြောင့် လမ်းချော်ပြီး ရွှံ့ဗွက်နစ်ကာ အသွားအလာခက်ခဲပြီး ကားကြပ်ပိတ်မိနေကြောင်းနှင့် မြစ်ကြီးနား-ကသာ-ကြာညှပ်ကားလမ်းမှလည်း ဇက်နှစ်ဆင့်ကူးကာ သွားလာနေရသောကြောင့် လမ်းခရီးကြန့်ကြာနေကြောင်း သိရသည်။


အဆိုပါ လမ်းခရီးကြန့်ကြာမှုကြောင့် ကချင်ပြည်နယ်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲပြီး ကုန်ပစ္စည်းအချို့ ပြတ်လတ်မှုများ ရှိလာကာ ကုန်စည်သယ်ဆောင်မှုတန်ဆာခများ ပိုမိုများပြားလာသောကြောင့်လည်း ကုန်ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။


လက်ရှိအချိန်တွင် မိုးရွာပြီးလမ်းချော်နေသော မြစ်ကြီးနား-မန္တလေးကားလမ်းမှာ လမ်းခရီးအခက်အခဲပေါ်မူတည်ပြီး ၆ရက်ခရီးမှ တစ်ပတ်နီးပါးအထိ ကြာမြင့်နိုင်ကြောင်း ထပ်မံသိရသည်။


သတင်း-ဖရိန်း


Comentários


Pajau Media

Thanks for subscribing!

bottom of page