မန္တလေး-မြစ်ကြီးနား ဗျူဟာကားလမ်းမကြီး တော်လှန်ရေးဘက်မှ ပြန်ဖွင့်
- Pajau Media

- May 28
- 1 min read
ပါဂျောင်မီဒီယာ
၂၈ရက်၊မေလ၊၂၀၂၆။

စစ်ရေးအခြေနေကြောင့် အချိန်ကြာပိတ်ပင်ထားသည့် မန္တလေး - မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးကို တော်လှန်ရေးဘက်မှ ယမန်နေ့ မေလ၂၇ရက်နေ့မှစ၍ လမ်းပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကာသမားများထံမှ သိရသည်။
အင်းတော်-မော်လူး- ကသာလမ်းပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေသောကြောင့် မန္တလေး - မြစ်ကြီးနား ဗျူဟာကားလမ်းကို အမှတ်(၁)စစ်ဒေသဌာနချုပ် ကသာခရိုင် ကွပ်ကဲရေးရုံးက ယာယီပိတ်လိုက်ကြောင်း ထုတ်ပြန်ထားသော်လည်း ယမန်နေမှစပြီး ထိုပိတ်ထားသည့်လမ်းကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
တဖက်တွင်လည်း တိုက်ပွဲခြေနေကြောင့် KIA ဘက်မှ ရက်အကန့အသတ်မရှိ သွားလာခွင့်ပိတ်ပင်ခဲ့သည် ဖားကန့်-ကားမိုင်းလမ်းကိုလည်း ဖားကန့်မြို့ ကုန်စည်အဝင်အထွက်နှင့် ကျောင်းသား/သူများ ကျောင်းဖွင့်ချိန် အဆင်ပြေသွားလာနိုင်ရန်အတွက် ယမန်နေ့တွင် ယာယီပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲအခြေနေကြောင့် ကားလမ်းများပိတ်ပင်လိုက်သည့် မန္တလေး - မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်နှင့် ဖားကန့်-ကားမိုင်းလမ်းများတွင် ကုန်ကားများ၊ ခရီးသည်ကားများနှင့် ပြည်သူအများအပြား ပိတ်မိနေခဲ့ကြကြောင်း သိရသည်။
စစ်တပ် ပြန်လည်ထိုးစစ်ဆင်ဝင်ရောက်လာသည့် ဧပြီလကုန်အချိန်ကစ ထိုနေရာဒေသများတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားပြင်းထန်လာသောကြောင့် လမ်းကြောပိတ်ဆို့မှုများလည်း မကြာခဏ ရှိလာကြောင်း သိရသည်။
သတင်း - ဖရိန်း




Comments