top of page

မြစ်ကြီးနားလေဆိပ် လက်မှတ်အရောင်းပိတ်ထားဆဲ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မတ်လ၊၂၀၂၆။


မြစ်ကြီးနားလေဆိပ်နှင့် ပူတာအိုလေဆိပ် အပါအဝင်၊ အရေးကြီးသည့် လေဆိပ်များကို မတ်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း မြစ်ကြီးနားမြို့တွင် လက်မှတ်အရောင်း ပိတ်ထားဆဲ ဖြစ်သလို၊ လေယာဥ်ပြေးဆွဲခြင်းလည်း မရှိသေးကြောင်း သိရသည်။


လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသောကြောင့် မဖြစ်မနေ ပျံသန်းပြေဆွဲရန်လိုအပ်သည့် ပူတာအိုမြို့၊ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များကို ပထမ ဦးစားပေးအနေဖြင့် မတ်လ ၂၅ ရက်နေ့မှစပြီး ပျံသန်းပြေးဆွဲရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


သို့သော် မြစ်ကြီးနားလေဆိပ်ကို မေလကုန်ထိ လေယာဉ်လက်မှတ် အရောင်းပိတ်ထားဆဲ ဖြစ်သည်ဟု လေယာဥ် လက်မှတ်အရောင်းဝန်ထမ်းမှ သိရသည်။


“လေယာဥ်လက်မှတ်တွေက မေလကုန်အထိ အရောင်းပိတ်ထားတယ်၊ ဇွန်လ အတွက်ပဲဖွင့်ထားတယ်။ ခုဒီတလော ဘယ်လိုပြန်လာမလဲတော့မသိဘူး။ ဟိုသူများ အွန်လိုင်းမှာ ရောင်းတာတွေတော့ရှိတယ်။ အခုချိန်က လိမ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ “ ဟု ပြောသည်။


မြန်မာပြည်တွင်း လေကြောင်းခရီးစဉ် အများစုမှာ လေယာဉ်ဆီ မလုံလောက်မှုကြောင့် ယာယီရပ်နားထားခြင်းဖြစ်ပြီး၊ ပြည်တွင်းခရီးစဉ်များကို အကန့်အသတ်ဖြင့်သာ ပြေးဆွဲနေခြင်း ဖြစ်သည်။


မြစ်ကြီးနားလေဆိပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဥ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပိတ်ထားခြင်းဖြစ်ပြီး တစ်လကျော်ကြာမြင့်နေပြီ ဖြစ်သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page