မိုးညှင်းမြို့တွင် ရှမ်းနီပြည်သူ့စစ်မှ အသက်မပြည့်သေးသည့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းဥပဒေကို ဖော်ဆောင်နေ
- Pajau Media
- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ။
၁၆ရက်၊မေလ၊၂၀၂၅။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ရှမ်းနီပြည်သူ့စစ်က အသက်မပြည့်သေးသည့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းဥပဒေကို ဖော်ဆောင်နေသည်ဟု မိုးညှင်းမြို့ခံများက ပြောသည်။
"အင်းကုန်းကျေးရွာအုပ်စု ဘုံချောင်းရွာက စစ်မှုထမ်းမဲပေါက်တဲ့ လူငယ်ဆိုရင် အသက်(၁၆)နှစ်တောင် မပြည့်သေးဘူး၊ အဲ့ကောင်လေးက နှလုံးရောဂါသည်ဖြစ်ပြီး မောင်နှမသားချင်းမရှိဘူး၊ အမေတခုသားတခုနေကြတာ၊ ဒီလိုမျိုးလုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် ရှမ်းနီနယ်မှာ ရှမ်းနီပြည်သူ့စစ်တွေ စစ်မှုထမ်းဥပဒေကို ဖော်ဆောင်နေတာ သေချာတဲ့ ကိစ္စဖြစ်နေပြီ" ဟု အသက် (၄၉ )နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အဓမ္မစုဆောင်းခံရသည့် လူငယ်အများစုမှာ စစ်မှုထမ်းရန်အတွက် နန့်မွန်းအောင်မြေဂိတ်က KBC ဘုရားကျောင်းတွင် စစ်သင်တန်း တက်ရောက်နေကြရသည်ဟု ဆိုသည်။
"ရှမ်းနီပြည်သူ့စစ်တွေက စုဆောင်းရေးမဆွဲခင် ကျေးရွာတိုင်းမှာ( ၅)ရက်စီ ကင်းချလှည့်လည်သွားလာ နေတတ်တာ၊ ပြီးမှ ကျေးရွာအတွင်းထဲက လူငယ်တွေကို အလစ်မှာ ဝင်ဆွဲတာမျိုးတွေ လုပ်နေတာ၊ ပရဟိတကားတွေကို ချောဆွဲပြီး စုဆောင်းရေးဆွဲတာ၊ အခုက အိမ်ရှေ့ကားသံကြားရင်ကို ကြောက်နေကြပြီ" ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
အသက်(၁၂)နှစ်အရွယ်မှ အသက်(၅၅)နှစ်အရွယ်အထိ ကျား/မ မရွေး စုဆောင်းဖမ်းဆီးခြင်း ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိအပတ်စဉ်တွင် စစ်သင်တန်းတက်ရောက်နေသူများမှာ အောင်မြေဂိတ်က KBC ဘုရားကျောင်းအတွင်း (၅၀၀၀)ထက်မနည်း ရှိနေသည်ဟု သိရသည်။
ထို့အပြင် နန့်မွန်းအောင်မြေဂိတ်တွင် သင်္ကြန်ကာလအတွင်း၌လည်း စတုဒီသာ ရွှေရင်အေးနှင့် ကြာဆံချက် တိုက်ကျွေးပြီး ဘုရားကျောင်းထဲ အနားယူခိုင်းကာ ပြန်မလွတ်ဘဲ စုဆောင်းရေးဆွဲ စစ်သင်တန်းတက်ခိုင်းခဲ့သည်ဟု ထပ်မံသိရသည်။
ရှမ်းနီပြည်သူ့စစ်များမှ စစ်မှုထမ်းဥပဒေကို ကိုယ်တိုင်ဖော်ဆောင်ခွင့်ရပြီးနောက် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းအချို့တွင် တပ်စွဲဝင်ရောက်နေထိုင်ပြီး အသက်မပြည့်သည့် လူငယ်များအား စုဆောင်းရေးဆွဲနေသည်မှာ (၅)လခန့်ကြာမြင့်လာပြီဖြစ်သည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား
Comments